ငလျင်ကြောင့် ပျံလွန်-ကွယ်လွန်သူများကို ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းကပ်

CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည်။

အဆိုပါ ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးပြီး ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်၍ ငလျင်လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူးပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နေ့ တစ်လပြည့်  နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၆ သိန်းကျော် ငလျင်ဘေးဒုက္ခသည်များဖြစ်ခဲ့သည်။

နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဧပြီ ၂၄ ရက် ကနဦးစာရင်း များအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြား ဘာသာရေး အဆောက်အဦ ၆၁၃ လုံး၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထား လမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။