CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၉
ငလျင်ဘေးသင့်၍ ပြိုကျပျက်စီးသွားသည့် လူနေအိမ်များနှင့် အဆောက်အအုံများ ပြန်လည် ဆောက်လုပ်ဖို့ အတွက် ဘိလပ်မြေ၊ သံနှင့်သွပ်များကို နိုင်ငံတော်မှ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌသည် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား သီးခြားစီ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အဦများ ရှင်းလင်းရေးနှင့် ပြန်လည် ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်သွပ်များကိုလည်း နိုင်ငံတော် မှ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်”ဟု ပြောသည်။
ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များအတွက်လည်း အမျိုးအစားများအလိုက် သင့်လျော်သည့် နှုန်းထားများ ဖြင့် ငွေကြေးများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြို့နေရာချထားမှု Town Plan များစနစ်တကျ ပြန်လည်ရေးဆွဲပြီး မြို့၏ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌက “ မြို့တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီသည့် လမ်းများ၊ မြို့ကွက်များဖြစ်ရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင် မိမိတို့နိုင်ငံ၌ အမြင့်ဆုံးလှုပ်ခတ်ခဲ့သည့် ရက်ချ်စတာစကေး ၈ အဆင့်ထိ ခံနိုင်သည့် အဆောက်အဦ၊ လမ်းတံတား များဖြစ်အောင် တည်ဆောက်သွားကြရန်လိုသည်”ဟု ပြောသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ၅၀ ဘီလီယံနှင့် မန္တလေး တိုင်းဒေသကြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကျပ် ၆၀ ဘီလီယံ အသီးသီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့၍ လူ ၄၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၀၀ ကျော် ပျောက်ဆုံးလျက်ရှိသည်။
ထို့ပြင် လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ အစိုးရရုံးများ၊ ဝန်ထမ်း အိမ်ယာများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ ပြိုကျ ပျက်စီးခဲ့သည်။