- By CNI
- Category: နိုင်ငံရေး
- Hits: 788
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ လမ်းလယ်ခေါင်တွင် အမျိုးသမီးတစ်ဦးအား တမူး-PDF အဖွဲ့မှ သတ်ဖြတ်ခဲ့မှု အပေါ် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)မှ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ် အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း PDF များ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
NUG က “အဆိုပါ ဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအရ လုံးဝ လက်သင့် မခံနိုင်သည့် ကိစ္စ ရပ် ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းစစ်ဆေး ဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်” ဟု ထုတ်ပြန်ခဲ့သည်။
NUG ကိုတွေ့ရစဉ်
PDF များ အနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံ တွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာ ဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့် အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကိစ္စမျိုးကို ယခင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာပဲ ပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော်လည်း NUG အနေဖြင့် လက်တွေ့မှာ ထိထိရောက်ရောက် အရေးယူနိုင်သည့် အနေအထား မရှိသေးကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီလို ပြဿနာမျိုးတွေ မပြန့်ပွားအောင် လုပ်ဆောင်မယ့် သဘောကို ဖော်ပြတာပါဗျာ၊ တကယ်ကတော့ အဲဒီလို လုပ်ဖို့အတွက် NUG မှာလည်း ပြည့်စုံတဲ့ ယန္တရားတွေတော့ မရှိသေးပါဘူး။ သို့သော်ငြားလည်းပဲ ဒါမျိုးက အရေးမယူလို့လည်း မဖြစ်သေးဘူး။ ဒါတွေက PDF တွေအတွင်းမှာ ဒီအပေါ်ကနေပြီးတော့ စိတ်ဝမ်းကွဲမှု သဘော ထားအရ မကျေလည်မှုတွေ ဖြစ်လာတဲ့အခါ ဒါတွေကို လိုအပ်သလို အရေးယူမယ်လို့ ပြောသွားပါတယ်။ အဲဒီလို ကိစ္စမျိုးတွေ စစ်ကိုင်းတိုင်းမှာလည်း ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျနော်တို့ ထိထိရောက်ရောက် အရေး ယူနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်မှာ စစ်ဆေးရေးယန္တရားနဲ့ အဲဒီမှာ လုံခြုံစိတ်ချရ တဲ့ အကျဉ်းစခန်းနေရာ၊ ဘာညာ ဘာမှ မရှိပါဘူး။ ဆိုလိုတာက ဒီအလုပ်တွေကို NUG အနေနဲ့တော့ လက်မခံ နိုင် ဘူး။ ပြန့်ပွားလို့လည်း မဖြစ်ဘူး။ ဒါသင့်လျော် လျှောက်ပတ်တဲ့ အစီအစဉ်တစ်ခုနဲ့ ကိုင်တွယ် အရေးယူမယ်လို့ ကျနော်တော့ သဘောပေါက်ပါတယ်” ဟု ပြောသည်။
တမူးမြို့သို့ အ၀င်လမ်းကိုတွေ့ရစဉ်
စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ကျူးလွန်မှုများအား စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူမှုများကို NUG အနေဖြင့် လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း မည်ကဲ့သို့ အရေးယူထားသည်ကို အသေးစိတ် ပြောနိုင်ရန် ခက်ခဲကြောင်း ၎င်းက ပြောသည်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို မျှော်ရည်လျက် ယခုဖြစ်စဉ် ကဲ့သို့သော ကိစ္စရပ်မျိုး(တမူး ဖြစ်စဉ်)နိုင်ငံ၏ မည်သည့်နေရာတွင်မှ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
တမူးမြို့၏ လမ်းလယ်ခေါင်တွင် အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်းနှင့် သတ်ဖြတ်ခြင်း သည် အမျိုးသမီးအခွင့်အရေးအပေါ် ခြိမ်းခြောက်နေခြင်းကို ပြသနေသည်ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ များက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2068
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ ငွေနံ့သာ ကျေးရွာမှ အမှတ် (၇) လမ်းမကြီး သို့ ဆက်သွယ်ထားသော ကားလမ်းဘေး၌ သေဆုံးနေသည့် အမျိုးသား အလောင်း ၁၃ လောင်းကို ယနေ့ (ဒီဇင်ဘာ ၅ ရက်) နံနက် ၇ နာရီက တွေ့ရှိရကြောင်း သိရသည်။
နစက-က ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက်အရ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေဆုံးနေ သည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရေများ စိုနေပြီး လက်ဖျားများ နူးပွနေသည့် အမျိုးသားအလောင်း ၁၃ လောင်းကို တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
နစက၏ ထုတ်ပြန်ချက်
အဆိုပါ သေဆုံးနေသည့် အမျိုးသားများသည် မည်သူမည်ဝါများဖြစ်ကြောင်းနှင့် မည်သည့် အရပ်ဒေသကလည်း ဆိုသည်ကို မသိရှိရသေးသလို မည်သည့်အတွက်ကြောင့် သေဆုံးနေသည်ကိုလည်း မသိရသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 501
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅
၄၄ ကြိမ်မြောက် အာဇာနည်နေ့ တော်လှန်ရေးအာဇာနည်များ အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ဗဟိုဌာချုပ်တွင် ယနေ့ (ဒီဇင်ဘာ ၅ ရက်) ကျင်းပခဲ့သည်။
SSPP/SSA သည် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ရှမ်းပြည်တပ်မတော်(SSA)ကို စတင် ထူထောင်ခဲ့ပြီးနောက် ၁၉၇၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်၌ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အား ဖွဲ့စည်း ခဲ့သည်။
SSPP
SSPP သည် ၁၉၈၉ တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ ၂၀၁၀ တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခိုင်းရာ ဗိုလ်မှူးကြီးစဝ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ က ငြင်းဆန်ခဲ့ သည်။
ထို့နောက် လက်ရှိ ဗိုလ်ချုပ်ကြီးစဝ်ပန်ဖက SSPP/SSA ကို ပြန်လည် အသက်သွင်းကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယခုအချိန်ထိ ဦးဆောင်လျှက်ရှိသည်။
SSPP သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၂၀၁၂ ခုနှစ်၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(Bilateral)အား လက်မှတ်ထိုးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တော့ လက်မှတ် မထိုးနိုင်သေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 1162
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅
အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေပါက နစကနှင့်လည်း တွေ့ဆုံဆွေးနွေး လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ နိုင်ငံရေးပဋိပက္ခများကို နိုင်ငံတကာအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှသာလျှင် ဖြေရှင်းနိုင် မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ထုတ်ပြန်ထားကြောင်း ၎င်းက ပြောသည်။
ဦးရဲထွန်းက “ကမ္ဘာပေါ့၊ ကမ္ဘာဆိုတာ အထူးသဖြင့် အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကျနော်တို့ နိုင်ငံရေး သုံးသပ် သူတွေရဲ့ အမြင်ကတော့ Point က ဒေါ်အောင်ဆန်းစုကြည်ပဲ။ Point က ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးပြီးတော့ အဆင်ပြေတယ်ဆိုရင် ဥပမာအားဖြင့်ပေါ့ဗျာ၊ ၂၀၂၃ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD က ပြန်ပြီးတော့ ပါဝင်ယှဉ်ပြိုင်မယ်၊ ပါဝင်ယှဉ်ပြိုင်ခွင့် ရမယ်ဆိုရင် ရွေးကောက်ပွဲရလဒ်ကလည်းပဲ ကျနော့်ခန့်မှန်းခြေက NLD ပဲ ပြန်နိုင်မယ်၊ အဲဒီလို ဖြစ်လာလို့ ရှိရင်တော့ ခုနက NUG တို့၊ PDF တို့ဆိုတာက တဖြည်းဖြည်း လုံးပါး ပါးသွားမှာပါ။ NLD အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်တဲ့ဟာကို သူတို့ လက်ခံနိုင်စရာရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှသာလျှင် အရေးကြီးတယ်ဆိုတဲ့ဟာ သူတို့ ကြေညာ ချက် ထုတ်ထားတာလည်း ရှိတယ်လေ၊ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး ဆွေးနွေးတာကတော့ ပိုပြီး တော့ main အဓိက ကျလိမ့်မယ်လို့ ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်ကိုတွေ့ရစဉ်
နစကနှင့် ဒေါ်ဆောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်/မဖြစ်ဆိုသည့်ကိစ္စမှာ အာဆီယံ၏ ပံ့ပိုးကူညီမှုနှင့် သက်ဆိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီတော့ ဆွေးနွေးမှု ညှိနှိုင်းမှုဆိုတာ မရှိဘူးလို့လည်း မပြောနိုင်ဘူးလို့ နိုင်ငံရေးအားဖြင့် စဉ်းစားတဲ့အခါ မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ပြောတယ်၊ လက်ရှိသွားနေတဲ့ ပုံစံအရ ကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆွေးနွေးခြင်းအားဖြင့် လက်ရှိ SAC က ဘာအကျိုးအမြတ် ရမှာလဲ၊ ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ် ပေးနိုင်မှာလဲ၊ အဲဒါလေးတွေလည်း တွေးကြည့်ရမှာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖျန်ဖြေကောင်း၊ ဖျန်ဖြေ နိုင်တာပေါ့။ ခုနပြောသလို လက်ရှိ အကျဉ်းအကျပ်က ဘယ်လို ရုန်းထွက်မှာလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ ဖြစ်မဖြစ်ကတော့ဗျာ၊ အာဆီယံနဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအပေါ်မှာ SAC ဘယ်လို သုံးသပ် ခန့်မှန်းသလဲဆိုတာနဲ့ ဆိုင်မယ်ထင်တယ်၊ ဒါပေမယ့် SAC ဖက်က ပြင်ဆင်ထားပုံ ပေါက်တယ်” ဟု ပြော သည်။
မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်မှ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထားပြီး နစကဘက်ကလည်း လာမည့် မြန်မာပြည် ခရီးစဉ်မှာ တွေ့ခွင့် ပေးမည်ဟု ကတိပြုထားကြောင်း ပြောကြားထားသည်။
ထို့နောက် အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေပါက နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းကြားတွင် သုံးသပ်မှုများလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံကြောင်း ပြသနေကြစဉ်(GETTY IMAGES)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဆွေးနွေးဘဲ နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်စရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တော့ ရှိမယ်မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးလည်း ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ သူ့ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH တို့၊ NUG အစိုးရအဖွဲ့တို့နဲ့ မဆွေးနွေး ဘဲနဲ့ မင်းအောင်လှိုင်နဲ့ သီးသန့်ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူပြီးနောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအနှံ့ ဖြစ်ပွားလာခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည် အခြေအနေများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 686
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃
မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို အကြိမ်ကြိမ် အခါခါ မရယူအောင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများကြား မည်ကဲ့သို့သော သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်း ရယူထားသင့်လဲဆိုသည်ကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် ဆွေးနွေးလျက်ရှိသည်။
အဆိုပါ ကိစ္စမှာ အရပ်သားအစိုးရ ပေါ်လာပြီးနောက် ၎င်းအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တပ်မတော်ကို ထားလိုက်ပါက ပြေလည်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ အရပ်သားအစိုးရ ပေါ်လာပြီးတော့ လက်နက်ကိုင်တပ်က ဒီမိုကရေစီအရပ်သား အုပ်ချုပ် မှုအောက်ကို ထားလိုက်ရင်တော့ မဖြစ်တော့ဘူးပေါ့ဗျာ။ Supremacy (အမြင့်ဆုံးအာဏာ) ဆိုတဲ့ ဥပဒေသကို လိုက်နာနိုင်ရင်တော့ မဖြစ်တော့ဘူးပေါ့၊ နောက်ထပ် အဲဒီလို့ Supremacy (အမြင့်ဆုံးအာဏာ) ဆိုတဲ့ ဥပဒေသကို ရဖို့ကလည်း ကျနော်တို့ အချိန်တစ်ခုတော့ စောင့်ကြည့်ရမယ်” ဟု ပြောသည်။
စစ်တပ်ဆန့်ကျင်၊ ဒီမိုကရေစီအရေး တောင်းဆိုကြသူများကိုတွေ့ရစဉ် (ဖရွန်တီးယားမြန်မာ))
မြန်မာ့တပ်မတော် မရှိပါက တိုင်းပြည်ပြိုကွဲ သွားမည်ဆိုသည့်အမြင် တပ်မတော်မှာ ရှိနေကြောင်း၊ ဖွဲ့စည်းပုံအရ ပေါ်လာသည့် အစိုးရအောက်မှာ မရှိဘဲ သီးသန့် သမ္မတ၏ ချုပ်ကိုင်မှုအောက်က လွတ်နေမည်ဆိုပါက တပ်မတော် မှ အာဏာရယူမှု မကြာခဏဖြစ်ပွားနေမှာဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တပ်မတော်က နိုင်ငံရေးထဲမှာ ပါဝင်နေသရွေ့ကတော့ အာဏာသိမ်းမှုဆိုတာ အမြဲတမ်း ဖြစ်လိမ့်မယ်၊ သူ တို့ မထင်ရင် မထင်သလို သိမ်းလိမ့်မယ်၊ ပြီးတော့ အာဏာသိမ်းမှု ဖြစ်တိုင်းဖြစ်တိုင်း တိုင်းပြည်က နှစ်ပေါင်းများ စွာ နောက်မှာ ကျန်ခဲ့လိမ့်မယ်၊ ဆင်းရဲတဲ့ နိုင်ငံအဖြစ် ဘယ်တော့မှ လွတ်ကျွတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒါတွေကို တပ်မတော် ခေါင်းဆောင်တွေရော၊ နိုင်ငံရေး ခေါင်းဆောင်တွေရော သဘောပေါက်ပြီးတော့ အကုန်လုံး ရွေးကောက်ခံ အစိုးရတစ်ခုသာလျှင် တိုင်းပြည်မှာ အုပ်ချုပ်နိုင်တဲ့ အခွင့်အရေးမျိုး၊ ကာကွယ်ရေးကို လုံးဝ တပ်မတော်က တာဝန်ယူတဲ့ အခွင့်အရေးမျိုး အဲဒါမျိုး ဖြစ်သွားဖို့ ကြိုးစားမှသာလျှင် ကျနော်တို့ နိုင်ငံရဲ့ တပ်မတော်ရဲ့ အာဏာသိမ်းမှုက လွတ်ကင်းသွားလိမ့်မယ်၊ တပ်မတော်ကလည်း အာဏာသိမ်းတဲ့အခါမှာ ဘယ် လောက် ဆိုးကျိုးတွေ ရှိတယ်ဆိုတာ သူတို့ သိတယ်၊ သိပေမဲ့ အဲဒီလို ဒေါသစိတ်ပေ့ါနော် မခံချင်စိတ် ငါတို့ကို အသိအမှတ်မပြု ငါတို့စကားကို လက်မခံ ဒါဆိုရင် တိုင်းပြည်က ပျက်တော့မှာပဲဆိုတဲ့ အာဃာတစိတ်၊ မကျေနပ် စိတ်၊ အဲဒါတွေနဲ့ အာဏာသိမ်းနေတာ သူတို့မှားတယ်ဆိုတာတော့ သိလာအောင်အထိ ကျနော်တို့ဖက်က နိုင်ငံရေး အရရော၊ လက်တွေ့အရရော သက်သေလည်း ပြပြီးပြီ။ ဒါကြောင့် သူတို့ရဲ့ Mindset ကလည်း အရေးကြီးတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတဟောင်း ဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်းတို့ကိုတွေ့ရစဉ် (GETTY IMAGES)
မြန်မာနိုင်ငံတွင် ၁၉၅၈ ခုနှစ်တွင် အာဏာရ အရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းမှ လွှဲပြောင်း ရယူခဲ့သလို ၁၉၆၂ ခုနှစ်တွင် မြန်မာ့တပ်မတော်က ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော အရပ် သား အစိုးရအား ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
အလားတူ ၁၉၈၈ ခုနှစ်ရောက်သည့်အခါမှာလည်း ကျောင်းသားအရေးတော်ပုံကနေ တဆင့် မြန်မာ့တပ်မတော်က အစိုးရအား ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့ပြန်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုး ပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့သည်။
လက်ရှိမှာ အရေးပေါ် ကာလဖြစ်ပြီး နိုင်ငံတော်အာဏာကို တပ်မတော်က ထိန်းထားကြောင်း၊ ကြားဖြတ် အစိုးရ ပေါ်လာမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
စစ်တပ်ဆန့်ကျင်၊ ဒီမိုကရေစီအရေး တောင်းဆိုကြသူများကိုတွေ့ရစဉ် (ဖရွန်တီးယားမြန်မာ)
၎င်းက “ဒီဟာက အခြေခံဥပဒေအတိုင်းအရ အရေးပေါ်ကာလဖြစ်လို့ပါ၊ အာဏာထိန်းတဲ့ သဘောမျိုး သိမ်းတာမှ မဟုတ်တာ၊ အာဏာသိမ်းတယ် ဆိုလို့ရှိရင် အခြေခံဥပဒေ ပျက်သွားတာပေါ့။ အခြေခံဥပဒေမှ မပျက်သေးတာကို၊ အခြေခံဥပဒေအတိုင်းပဲ သူတို့က လုပ်နေတာကို၊ အခုက သက်တမ်းက ၂ နှစ်ပဲလေဗျာ၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ဆိုရင် နောက်ထပ် သက်တမ်းကုန်ပြီးလေ၊ ကြားဖြတ်အစိုးရ လာတော့မှာပေါ့။ ကြားဖြတ်အစိုးရ ဘယ်သူက ဦးမြင့်ဆွေကတော့ အကြီးဆုံးဖြစ်သွားမှာပေါ့။ အဲဒီအချိန်ကြရင် ဦးမြင့်ဆွေက ဘယ်သူ့ကို ခန့်မလဲဆိုတာ သူ့အပေါ်မှာပဲ မူတည်တယ်၊ အားလုံးက ကာ/လုံ လက်ထဲရောက်သွားပြီးလို့ အာဏာပြန်ပြီးတော့ ကာ/လုံ လက် ထဲ ပြန်ရောက်သွားပြီလေ၊ ကာ/လုံ လက်ထဲ ရောက်သွားတဲ့အခါမှာ ဦးမြင့်ဆွေက ဥက္ကဋ္ဌဆိုတာ ပါဝါအရှိဆုံး ပုဂ္ဂိုလ်ပဲလေ။ အခြေခံဥပဒေ ပြဋ္ဌာန်းထားတယ်လေဗျာ”ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲတွင် မြန်မာ့တပ်မတော်နှင့် နိုင်ငံရေး ပါတီတချို့က တပ်မတော်သည် နိုင်ငံတော်အာဏာကို ထိန်းထားခြင်းသာ ဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ကြောင်း ပြောဆို ရပ်တည်လျက်ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်ပနိုင်ငံများကတော့ မြန်မာ့တပ်မတော် သည် နိုင်ငံတော်ကို အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုရပ်တည်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် နစကကို ဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ် နစကဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1266
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂
နိုင်ငံရေးမှ တပ်မတော်စွန့်ခွာရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းခြင်းကို လက်ခံရေး အပါအဝင် အချက် (၅) ချက်အား လက်ခံပါက နစကနှင့် ဆွေးနွေးကောင်း ဆွေးနွေးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။
ရိုက်တာသတင်းဌာနက ကျင်းပသည့် Reuters Next အွန်လိုင်း ညီလာခံတွင် ပါဝင် ဆွေးနွေးခဲ့သော NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အချက် ၅ ချက်မှာ ပြည်သူလူထုကို သတ်ဖြတ်နေမှုအား ချက်ခြင်းရပ်ရန်၊ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ လုံးဝ စွန့်ခွာမည်ကို အာမခံရန်၊ နိုင်ငံတကာ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို မနှောင့်ယှက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝဖျက်သိမ်းရေး လက်ခံရန်နှင့် နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်မှု လုပ်ရန် တို့ ဖြစ်သည်။
Reuters Next အွန်လိုင်း ညီလာခံကို ဒူဝါလရှီးလ ပါ၀င်ခဲ့စဉ်
လက်ရှိ အနေအထားအရ တပ်မတော်မှ နိုင်ငံရေးက စွန့်ခွာရန် မဖြစ်နိုင်သေးကြောင်း၊ သို့သော်လည်း ယခင် ကတည်းက နိုင်ငံရေးမှ စွန့်ခွာရန် ပြောကြားထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ် အခြေအနေမှာက မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ တပ်မတော်က နိုင်ငံရေးက စွန့်ခွာမယ် ဆိုတာကတော့ သူက အစောကတည်းကလည်း ပြောထားပြီးသားပေါ့နော်၊ ပြောထားပြီးသား ဒါပေမဲ့ ခြွင်းချက် ကတော့ နိုင်ငံက ခုနပြောတဲ့ မပြိုကွဲတော့ဘူးဆိုတဲ့ အာမခံချက်၊ မပြိုကွဲနိုင်တော့ဘူး။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးလည်း ကောင်းပြီးတဲ့ အခါကြတော့ အားလုံး တိုင်းရင်းသား လက်နက်ကိုင် တပ်တွေလည်း တစ်စု တစ်စည်းတည်း အဲဒီလို ပြည်ထောင်စု တပ်မတော်အဖြစ် ဖြစ်သွားပြီဆိုတဲ့ အချိန်မှာ သူတို့စွန့်ခွာမယ်ဆိုတာ ပြောထားပြီးသားလေ၊ ဆိုတော့ အခုလို အခြေအနေမျိုးမှာတော့ မဖြစ်နိုင်ဘူးပေါ့နော်၊ သူတို့လည်း အဲဒါကို သဘောတူမှာ မဟုတ်ပါဘူး”ဟု ပြောသည်။
ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပါက တပ်မတော်မှ တောက်လျှောက်အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်ရန် မည်မျှအချိန်ကြာမည်ကို မသိနိုင်ကြောင်း ၎င်းက ပြောသည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ တောင်းဆိုချက်ကို တပ်မတော်အနေဖြင့် လိုက်လျောစရာ မရှိသည့်အတွက် ဆွေးနွေးရေးလမ်းကြောင်းမှာ ဖြစ်ပေါ်လာရန် မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်ကိုတွေ့ရစဉ်
၎င်းက “အဲဒါက ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတဲ့ ကိစ္စက၊ ကိုယ့်ဖက်က ကိုယ်လိုချင်တာတွေကို တောင်းဆိုတာ ကို အဲဒီတော့ ဒါပေမဲ့ အဲဒါတွေက စစ်ကောင်စီက လက်ခံလာနိုင်မယ့် အခြေအနေ မရှိမှတော့ ဒီတောင်းဆိုမှုတွေ ကလည်း တကယ် အကောင်အထည် ရှိလာစရာ အကြောင်းမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပစ်ဖို့ နောက် စစ်တပ်က နိုင်ငံရေးကနေပြီးတော့ ဆုတ်ခွာပေးဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို ရှင်သန်ဖို့အတွက် ကြိုးစားနေတဲ့ အင်အားစုတွေက ဘယ်တော့မှ လိုက်လျောမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီအခြေခံအပေါ်မှာ လိုက်လျောပြီးတော့ ဆွေးနွေးပွဲတွေ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ များ၊ လွှတ်တော်အမတ်များဖြင့် စုစည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် နစကနှင့် NUG တို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သံတမန်ရေးရာများတွင် အားပြိုင် လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 761
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁
နစက ကျင်းပမည့် ရွေးကောက်ပွဲကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် အသိအမှတ် မပြုရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ် မပြုမှသာ ၎င်းတို့ သွားလိုသည့် လမ်းကြောင်းကို သွားနိုင်မှာဖြစ်ကြောင်း၊ နစက အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပခွင့်မရှိကြောင်း ၎င်းက ပြောသည်။
ခွန်မြင့်ထွန်းက “အာဆီယံကတော့ အခုသူတို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်အပေါ်မှာ အခြေခံပြီး သူတို့ ချမှတ်ထားတဲ့ ရပ်တည်ချက် အတိုင်းပေါ့လေ၊ ဒီအတိုင်းကို သူတို့တကယ် ဆွေးနွေးညှိနှိုင်းနိုင်ဖို့တော့ လိုပါတယ်။ အာဆီယံအနေနဲ့က ပြီးတော့မှ အထူးအားဖြင့်တော့ အာဆီယံအနေနဲ့က ၂၀၂၃ ရွေးကောက်ပွဲကို သူတို့အနေနဲ့ အသိအမှတ် မပြုဘူးဆိုတာ ထင်ထင်ရှားရှား ပြသဖို့လိုတယ်။ ဒါမှလည်းပဲ ကျနော်တို့ အထူးသဖြင့်ပေါ့လေ၊ အာဆီယံ သွားချင်တဲ့ လမ်းကြောင်းတွေက ၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်မပြုမှ သူတို့အနေနဲ့လည်း သူ့ လမ်းကြောင်း သူသွားနိုင်မှာ ဖြစ်တယ်၊ ဒါကြောင့် ဒီ ၂၀၂၃ ရွေးကောက်ပွဲဆိုတာက စစ်ကောင်စီမှာ ရွေးကောက်ပွဲ ကျင်းပခွင့် မရှိဘူး။ သူက အာဏာသိမ်းခဲ့တာ လုပ်ခဲ့တဲ့အပေါ်မှာ ၂၀၀၈ အခြေခံကို ကိုင်ပြီးတော့ ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိဘူး။ နောက်ပြီးတော့ သူကျင်းပမယ့်ပုံစံက သူလိုချင်တဲ့ ပုံစံကို သွားမှာဆိုတော့ နိုင်ငံတကာကလည်း အသိအမှတ်ပြုလို့ မရဘူး။ ဒါကိုလည်း အာဆီယံအနေနဲ့ သူတို့ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်၊ ဒါမှလည်း ကျနော်တို့ ပြဿနာဖြေရှင်းရေးဘက်ကို ပိုပြီး ဦးတည်မှာဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ဆိုရင်တော့ ကျနော်တို့ တဝဲလည်လည်ပဲ ပြန်သွားရမှာပေါ့။ အဲဒါကြောင့် ကျနော်ကြည့်ရတာလည်း အာဆီယံကလည်း သူတို့ ရပ်တည် ချက်တွေကို ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ဖို့တော့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း ကြေညာနေစဉ် (Anadolu Agency)
မကြာမီ ရက်ပိုင်းတွင် မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် တတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့ကတော့ မြန်မာ့တပ်မတော်ကိုလည်း မဖြုတ်ချနိုင်သလို ရွေးကောက်ပွဲ ကျင်းပမည်ကိုလည်း မဖြစ်မြောက်အောင် တားဆီးမှုများ ရှိနေပါက ထွက်ပေါက်ပိတ်ကာ မြန်မာ့နိုင်ငံရေး ပိုမို ဆိုး ဝါးလာနိုင်သည်ကို သတိပြုကြရန် လိုအပ်ကြောင်း ပြောသည်။
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဖြစ်ပါက လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို ကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီရန် အကြံပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဒီ ၂ နှစ်နီးပါး ကျနော်တို့ ကြုံတွေ့နေတဲ့ ကျနော်တို့ နိုင်ငံရေး အကျပ်အတည်း အခက်အခဲကို ကျော်လွှားနိုင်ဖို့ အတွက်ဆိုရင် ကျနော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာ မယ့် ခုနက သက်ဆိုင်သူ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံနွေးနွေးမှု အခင်းအကျင်း ဖြစ်မြောက်အောင်ပေါ့လေ၊ နိုင်ငံ တကာဖက်ကရော၊ အထူးသဖြင့် အာဆီယံပေါ့လေ၊ ကျနော်တို့နဲ့ အနီးစပ်ဆုံး အာဆီယံ အဝိုင်းအဝန်း ကနေလည်း ကျနော်တို့ကို ဘယ်လိုပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးမလဲ ဆိုတာကိုတော့ ကူညီပံ့ပိုးမှုတွေ၊ လမ်းပြရှာဖွေမှုတွေ အဲဒါတွေကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့တော့ ကျနော်တို့ကတော့ အဓိက အဲဒါကိုတော့ ကျနော်တို့ အကြံပြု ဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြောသည်။
ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
အာဆီယံအနေဖြင့် နှစ်ဖက် လက်ခံနိုင်မည့် အရာကို ဆွေးနွေးသင့်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ထွန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နှစ်ဖက် မျှခြေရှိအောင်တော့ ဆွေးနွေးဖို့ လိုတာပေါ့ဗျာ။ တစ်ဖက်တည်း ဆိုရင်တော့ ချိန်ခွင်လျှာ မညီရင် တော့ အရောင်းအဝယ် မဖြစ်ဘူးပေါ့။ အဲဒီတော့ ဟိုဖက်ကလည်း သဘောကျ၊ ဒီဖက်ကလည်း သဘောကျ နှစ်ဖက် လက်ခံနိုင်တဲ့ အနေအထား ရောက်အောင် လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ အဲဒီတော့ ချိန်ခွင်လျှာ တစ်ဖက် စောင်းနေလို့ရှိရင် အရောင်းအဝယ် မတည့်ဘူးပေါ့။ ကျနော်လည်း အဲဒီ အာဆီယံဥက္ကဋ္ဌ လာတုန်းကလည်း ကျနော် ပြောဖူးသေးတယ်၊ နှစ်ဖက်မျှအောင်လုပ်ပေး၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်လုပ်ပေး ဒီရွေးကောက်ပွဲတို့၊ ဘာတို့ ဆိုးခြင်း၊ ကောင်းခြင်းကတော့ နှစ်ဖက်ရှိမှာပဲလို့ ကျနော်ပြောပြတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲ ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လက အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ အပါအဝင် နစက၏ နိုင်ငံ ခြားရေးဝန်ကြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)နှင့် နိုင်ငံရေးပါတီအချို့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 457
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀
ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များအနေဖြင့် စားနပ်ရိက္ခာနှင့် အမျိုးသမီး အသုံးအဆောင်များ လိုအပ်နေကြောင်း တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထိုတိုက်ပွဲများမှ ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြရကြောင်း၊ အဆိုပါ တိုက်ပွဲရှောင်များတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ပါရှိကြောင်း ၎င်းက ပြောသည်။
ကယားတိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးက “အမျိုးသမီးတွေကတော့ ပါတယ်။ အမျိုးသမီးတွေကလည်း အများကြီး ပါကြတယ်၊ တချို့ဆို ဗိုက်ကြီးသည်တွေလည်း ပါကြတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေပေါ့နော်၊ တချို့ဆို ကလေး ငယ်နဲ့ ဆိုရင်တော့ ဘယ်လိုမှ အလုံအလောက်တော့ ရှိနိုင်မှာ မဟုတ်ဘူးရှင့်။ လိုအပ်ချက်တွေက အများကြီး ရှိ တယ်ရှင့်၊ ဒါပေမဲ့ တစ်ခုချင်းစီကတော့ အဓိက လိုအပ်ချက်ကတော့ သူတို့ စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင် တွေပေါ့နော်၊ အမျိုးသမီးဆိုရင်လည်း အသုံးအဆောင်တွေ၊ စားနပ်ရိက္ခာတွေ ဆေးဝါးတွေ အဲဒီလောက်ပါပဲ သူတို့ အတွက်က။ အဲဒါတွေ ဖူလုံရင်တော့ ထောက်ပံ့နိုင်ရင်တော့ ကောင်းတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကရင်နီပြည်တိုက်ပွဲရှောင်များကို ဆန်များလှူဒါန်းနေစဉ် (ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
အဆိုပါ တိုက်ပွဲများကြောင့် မိုးဗြဲနှင့် ကုန်းသာအကြားရှိ ဆောင်ကိုင်းကျေးရွာမှာ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေရသည့် နေရာမှ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်၍ မရသေးကြောင်း သိရသည်။
ထို့နောက် စပါးရိတ်သိမ်းရာသီ ဖြစ်နေသော်လည်း စပါးများ မရိတ်သိမ်းနိုင်ဘဲ တိုက်ပွဲရှောင်နေရကြောင်း သိရ သည်။
လက်ရှိတွင် ကယား (ကရင်နီ) ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသေးကြောင်း၊ မြန်မာ့တပ်မတော်ဘက်မှ နေ့စဉ် လက်နက်ကြီး ပစ်ခတ်နေကြောင်း KNDF မှ ပြန်ကြားရေးတာဝန်ခံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီမော့ဆိုမှာက စစ်ကောင်စီ လက်နက်ကြီးပစ်တာက နေ့တိုင်းပဲဗျ။ တနေ့ထဲ မဟုတ်ဘူးပေါ့။ နေ့တိုင်း လိုလို သူတို့ ပစ်နေတာပေါ့။ တိုက်ပွဲရှိလည်း ပစ်တယ်။ မရှိလည်း ပစ်တယ်။ အခြေအနေကတော့ အဲဒီလိုပဲ နေ့တိုင်း ပစ်နေတယ်ဗျ။ ဒေသခံတွေကတော့ စစ်ရှောင်တဲ့လူက ရှောင်တယ်။ တချို့နေရာတွေတော့ ရွာမှာ သူတို့ ရှိနေတုန်းပဲပေါ့နော်။ ရွာသားတွေ ရှိတယ်ပေါ့။ အဲဒီလို ရွာသားတွေ ရှိတဲ့ရွာထဲကိုလည်း သူတို့ပစ်တာတွေ ရှိတယ်။ အဲဒီမှာ ရွာတွေထဲကို ကျတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုတလောတော့ ရွာတွေကို ပစ်တာ၊ ထိတာတွေ ရှိပေ မယ့် လူတွေ ထိခိုက် သေဆုံးတာတော့ မရှိဘူး” ဟု ပြောသည်။
တိုက်ပွဲအတွင်းပျက်စီးသွားသော ကယားပြည်နယ်အတွင်းက နေအိမ်တစ်လုံးကိုတွေ့ရစဉ် (KNDF)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ မိုးဗြဲ (PDF)၊ ဖယ်ခုံ(PDF)၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
လက်ရှိ နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း တိုက်ပွဲရှောင် ၁,၆၅၀,၆၁၁ ဦးထက် မနည်း ရှိလာကြောင်း၊ ထိုအထဲတွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲရှောင် အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး အရေအတွက်အားဖြင့် ၁၂၆,၀၀၀ ဦးထက်မနည်း ရှိကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1006
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉
မြန်မာပြည်ကို လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဖြစ်ပါက ပြည်တွင်း ရေးကို မစွက်ဖက်ရန် တင်ပြမည်ဟု UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်း ဌာနသို့ ပြောသည်။
မကြာမီ ရက်ပိုင်းတွင် မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်က တတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအိုက်ပေါင်းက “ကျနော်တို့မှာ မတွေ့ရတာ တွေ့ရရင်တော့ စိတ်ထဲမှာ ရှိတဲ့ဟာ ပြောလိုက်မှာပေါ့။ တွေ့လို့ရှိ ရင် ပြောလိုက်မှာပဲ ခင်ဗျားတို့ ကျနော်တို့ ပြည်တွင်းရေးကို သိပ်ပြီးတော့ မဝင်စွက်ပါနဲ့ဗျာ၊ ကျနော်တို့ နိုင်ငံက လွတ်လပ်ရေးရတဲ့ နိုင်ငံဗျ၊ အချုပ်အခြာပိုင်တဲ့ နိုင်ငံဗျ၊ ခင်ဗျားတို့နိုင်ငံကို ကျနော်တို့ ဝင်ဝင်ပြီးတော့ စွက်ရင် ခင်ဗျားတို့ သဘောကျလားလို့ အဲဒီတစ်ချက်ပဲ ကျနော်မေးလိုက်ဦးမယ်ဗျာ၊ ကျနော်တော့ အဲဒီလိုမျိုး မေးချင်တယ်၊ ပြင်သစ်သံအမတ်ကြီးကိုလည်း ကျနော်ပြောလိုက်သေးတယ်၊ ဟိုတလောက ကျနော်ကို လာတွေ့တာ၊ ခင်ဗျား လာလာပြီးတော့ ကျနော်တို့ ခင်ဗျားအိမ်ထောင်ရေးမှာ တစ်ခြားအိမ်ထောင်တစ်ခုက ခင်ဗျားကို လာစွက်ဖက်လို့ ခင်ဗျားကြိုက်မလားဗျာ၊ ဒါပဲ ရှင်းရှင်းပဲ။ အိမ်ထောင်ရေးနဲ့ပဲ တွက်လိုက်ဗျာ၊ ခင်ဗျားမိသားစု၊ ခင်ဗျားအိမ်ထောင် ရေးကိစ္စကို ဘေးက အိမ်တွေက လာလာပြီးတော့ ဟိုဟာလုပ်လေ၊ ဒီဟာလုပ်လေ၊ လာပြောရင် ခင်ဗျားနဲ့ ဘာဆိုင် လို့လည်း ပြောလိုက်ရမှာပေါ့။ ဟုတ်တယ်မလား။ ဒါက လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဗျ၊ ဟိုဟာ မလုပ်နဲ့ ဒီဟာလုပ်ပါ၊ ဒီဟာလုပ်ပါ လာပြီးတော့ ဆရာ မလုပ်နဲ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပရတ်ဆိုခွန်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ဒုတိယအကြိမ် မြောက် လာရောက်စဉ်က နိုင်ငံရေးပါတီတချို့နှင့်တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် အာဆီယံအထူးကိုယ်စားလှယ် လာရောက်မည်ကို သိရှိထားကြောင်း သို့သော်လည်း မိမိတို့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ရှိ/မရှိကို မသိရှိရသေးကြောင်း USDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ အဲဒါနဲ့ ပတ်သက်လို့ကတော့ လာမယ်ဆိုတာတော့ ကျနော်တို့ သိတယ်ခင်ဗျ၊ သိပြီးတော့ ကျနော်တို့ပါတီနဲ့ တွေ့မယ် မတွေ့ဘူး။ ရှိတယ်မရှိဘူး။ အစီအစဉ်တွေ ကျနော်တို့ ဘာမှ မသိသေးပါဘူး။ မသိသေး တဲ့အတွက်ကြောင့် လောလောဆယ် မဖြေနိုင်သေးပါဘူး” ဟု ပြောသည်။
ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
၂၀၂၂ ခုနှစ်၊ ဇူလိုင်လက အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ အပါအဝင် နစက၏ နိုင်ငံ ခြားရေးဝန်ကြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)နှင့် နိုင်ငံရေးပါတီအချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထား ပြီး နစကဘက်ကလည်း လာမည့် မြန်မာပြည် ခရီးစဉ်မှာ တွေ့ခွင့်ပေးမည်ဟု ကတိပြုထားကြောင်း ပရတ်ဆိုခွန် က ပြောကြားထားသည်။