- By CNI
- Category: နိုင်ငံရေး
- Hits: 407
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၅- ၂၀၂၀ တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကေဆိုင်းသည် ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။
ဦးကေဆိုင်းသည် ကျန်းမာရေး မကောင်းသည်မှာ ကြာမြင့်ပြီးဖြစ်ကြောင်း၊ ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)တွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ၎င်း၏ နေအိမ်မှာ ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။
ဦးကေဆိုင်း ရွေးကောက်ပွဲအနိုင်ရသည့် ရလဒ်ကိုတွေ့ရစဉ်
ဦးကေဆိုင်းသည် တနိုင်းမြို့နယ်၊ ရှင်ဗွေယံမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး သားသမီး လေးဦးရှိသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု၍ နန်းယွန်းမြို့နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 519
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်ဘက်က မိမိတို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ပြင်းပြင်းထန်ထန် တိုက်လာပါက ပြန်ပြီးတုန့်ပြန်မှုကလည်း ပြင်းပြင်း ထန်ထန်ဖြစ်မည်ဟု ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့သော RFA နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၏ အင်တာဗျူး တွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က “ စစ်ရေး ပရိယာယ်ဆိုတာကတော့ ပြင်ဆင်မှုတွေ၊ ကြိုတင်ပြီးမှ စဉ်းစားထား တာတွေ အများကြီးရှိပါတယ်၊ ပြင်းပြင်းထန်ထန် တိုက်လို့ရှိရင်တော့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်တာဆိုတဲ့ အနေအထားကို ရောက်သွားမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဘက်တစ်ဘက်က ပြင်းပြင်းထန်ထန် လုပ်ရင် ပြန်ပြီး တုန့်ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီအစဉ်တွေကို စဉ်းစားထားတာ ရှိ သလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှုအပြည့်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အနန့်ပါကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားစဉ်
KIA သည် မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ လူဦးရေ ၄၀၀၀ ကျော်ကို စစ်သင်တန်းများ ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် KIA သည် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)တို့နှင့် ပူးပေါင်း၍ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါကို တပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA အရာရှိကြီးများ အပါအဝင် လူဦးရေ ၈၀ ကျော် သေဆုံးခဲ့သည်။
ထို့နောက် တပ်မတော်နှင့် KIA-PDF ပူးပေါင်း အဖွဲ့များကြား စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း) စသည့် ဒေသများတွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားသလို စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 688
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
နိုင်ငံတော်အာဏာကို ရယူထားသည့် နစက အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအလွန်မှာ သက်တမ်း ကုန်တော့မည် ဖြစ်သည့်အတွက် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်ပေါ်မည်ကို နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာ သုံးသပ်မှုများ ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ နိုင်ငံတော်အာဏာ ကို ပြန်ယူကာ ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “အခြေခံဥပဒေအရတော့ နစကကို တနည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ အပ်နှင်းတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဲဒီတော့ တစ်နှစ်ရယ်၊ ၆ လနှစ်ကြိမ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူအပ်နှင်းထားတဲ့ ကာလက ပြီးမြောက်တာပေါ့၊ ပြီးမြောက်တော့ အပ်နှင်းထားတဲ့ မူလအမိန့်ကို ကာ/လုံက ပြန်ရုပ်သိမ်းမှာပေါ့၊ အဲဒီတော့ နိုင်ငံတော်သမ္မတကြီး ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက နိုင်ငံတော်ရဲ့အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်ရယူမှာပေါ့၊ ပြီးရင် ရွေးကောက်ပွဲကို ၆ လ အတွင်းမှာ ကျင်းပပေးရမှာပေါ့၊ အဲဒီတော့ နိုင်ငံတော် သမ္မတကြီးဖက်က ဥပဒေပြုမှု အာဏာရှိတာပေါ့၊ အုပ်ချုပ် ရေး ယန္တရားနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းချက်ပါအတိုင်း ဘယ်လို ဆက်သွားမှာလဲဆိုတာ ကာ/လုံ ဖက်ကတော့ စနစ်တကျ ခုကတည်းက ပြင်ဆင်ထားနှင့်ပြီးပြီလို့တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြသည်ကိုတွေ့ရစဉ် (GETTY IMAGES)
ရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်လာသည့် အစိုးရကို လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေမှ တာဝန်လွှဲပြောင်းပေး ချိန်အထိ တာဝန်ယူ ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ မလုံခြုံသည့် အခြေအနေအောက်တွင် နေရာအနှံ့ အကြမ်းဖက်မှုများ ရှိလာနိုင်ကြောင်း၊ အဆိုပါ ပြဿနာ များကို သာမန်ရွေးကောက်ပွဲဖြင့် မဖြေရှင်းနိုင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာန သို့ ပြောသည်။
ဦးကိုကိုကြီးက “ပုံမှန်အားဖြင့်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်အရ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်ပြီးတော့ လွှဲအပ်ရမှာပေါ့၊ ပြီးတဲ့အခါကြတော့ အဲဒီ ကာ/လုံ ကနေ ပြီးတော့ ၆ လ အတောအတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်၊ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်း ချက် သို့သော် ဒီအတိုင်း လုပ်သွားရင်တော့ ခုနက ပြောတဲ့ မလုံမခြုံတဲ့ ပဋိပက္ခ တင်းမာမှုတွေလည်း ဆက်ပြီး ရှိနေတယ်၊ နောက်ပြောရရင် ပြည်တွင်းမှာ လက်နက်ဗုံးတွေပေါ့၊ ကျနော်တို့ နေရာအနှံ့မှာလည်းပဲ ပျံ့နှံ့နေတဲ့ဟာ တွေ ရှိတယ်၊ ခြိမ်းခြောက်မှုတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ နှစ်ဖက်စလုံး ကနေပြီးတော့ပေါ့နော်၊ ဒါမျိုးတွေ ရှိနေ တဲ့ အခြေအနေမျိုးမှာ သာမန် ရွေးကောက်ပွဲနဲ့တော့ ဒီပြဿနာတွေ မဖြေရှင်းနိုင်ဘူးလို့ ကျနော်ထင်တယ်၊ ဒါ ကျနော် အရင့်အရင်က သာမှန်အေးချမ်းနေတဲ့ အခြေအနေမှာတောင်မှ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာ အရေး ကြီး တယ်ဆိုတာ မှန်ပေမဲ့လို့ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးရလဒ်က ထပ်တူ မဖြစ်ဘူး။ ရွေးကောက်ပွဲ တစ်ခု တည်းနဲ့ ၉၆ ပါးရောဂါကို ပျောက်နိုင်တဲ့ ဆေးမဟုတ်ဘူး။ အရေးကြီးတဲ့ ထိပ်တန်းခေါင်းဆောင်တွေ ကြားထဲမှာ ရှိတဲ့ နိုင်ငံရေးသဘောတူညီချက်က အင်မတန် အရေးကြီးပါတယ်လို့ ကျနော် ထပ်ခါ တလဲလဲ ပြောခဲ့တယ်။ အခု လည်းပဲ ဒီအတိုင်းသွားရင် ဒီရွေးကောက်ပွဲဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ပုံစံဖြစ်မှာထက်ကို နောက် ထပ် စိန်ခေါ်မှု အသစ်တွေ ထပ်ပြီးတော့ ပေါ်ပေါက်လာနိုင်တယ်လို့ ကျနော်တော့ မြင်တယ်” ဟု ပြောသည်။
တပ်မတော်ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲ၀င်နေခြင်းကို တွေ့ရစဉ် (GETTY IMAGES)
ထို့ကြောင့် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ယုံကြည်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ များ၊ ပြည်သူများအတွက် နိုင်ငံရေး မျှော်လင့်ချက် ကောင်းကောင်း တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မြန်မာ့တပ်မတော်မှ ရယူပြီးနောက် နိုင်ငံတော်ကို အရေးပေါ် တစ်နှစ်ကြေညာခဲ့သည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၆ လ တစ်ကြိမ်ဖြင့် နှစ်ကြိမ် သက် တမ်းတိုးခဲ့ရာ မကြာမီကာလတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 621
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄
မည်သည့်အစိုးရ၊ မည်သည့်ခေတ်ပင်ဖြစ်စေ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ Guardian အနေဖြင့် တည်ရှိနေမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗလမင်းထင်ခန်းမ၌ ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ တက်လာခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေး ကောင်စီ နှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့က အုပ်ချုပ်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ် လာခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့နောက် အဆိုပါ အရေးအခင်း၌ တိုင်းပြည်၏ အခြေအနေ ယိမ်းယိုင်လာခဲ့ပြီး အချုပ်အခြာအာဏာပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခဲ့ သဖြင့် တပ်မတော်က ဝင်ရောက် တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း ၎င်းက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့မှာ တပ်မတော်အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ တပ်မတော် အနေဖြင့် ပြည်သူများနှင့် လက်တွဲပြီး ဒို့တာဝန်အရေးသုံးပါးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ မည်သည့် အစိုးရ၊ မည်သည့်ခေတ်ပင် ဖြစ်စေ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ Guardian အနေဖြင့် တည်ရှိနေမည်”ဟု ပြောသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အာဏာရပါတီ အနေဖြင့် မဲအနိုင်ရရှိရေး မသမာသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ပြီး မဲမသမာမှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲစာရင်းကွဲလွဲမှုများ ကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိဘဲ လွှတ်တော် ခေါ်ယူရန်အထိ ဖြစ်လာသဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များကို အခြေခံဥပဒေနှင့်အညီ ဝင်ရောက် ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
တပ်မတော်က မည်သည့်ခေတ်တွင်မဆို နိုင်ငံတော်ကာကွယ်ရေးမှာ ရှိနေမည်ဆိုသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ပြည်ပရန်နှင့် တိုင်းပြည် အကြမ်းဖက်ခံရမှုများတွင် ကာကွယ်ရန် တာဝန်သာ ရှိသင့်ပြီး မြန်မာနိုင်ငံရေး ထဲကို ဝင်ရောက်ကာ တိုင်းပြည်ကာကွယ်ရေး လုပ်စရာမလိုဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်အနေဖြင့် နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖယ်စေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်နေကြောင်း ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 840
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခတွင် အပြုတ်တိုက်ရေး ကြွေးကြော်နေခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည့် အဖြေမဟုတ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေး ရေး လမ်းကြောင်းဖြင့် အဖြေရှာကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
ဦးရွှေမင်းက “ကျနော်တို့ကတော့ အနာဂတ်ကို ရည်မျှော်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်နိုင် သလောက် ဖွင့်ပြီးတော့ တွေ့ဆုံဆွေးနွေးကြပါ၊ ဒါမှသာ ကျနော်တို့ နိုင်ငံသူ/နိုင်ငံသား၊ နိုင်ငံတော်အတွက်ကို ကောင်းရာ ကောင်းကျိုး ဖြစ်ပါလိမ့်မယ်၊ ကျနော်တို့ ဒီအပြုတ်တိုက်ရေးူတို့ နောက်ပြီး ကျနော်တို့က သွေးကြွေး မှာ ဆွေးနွေးစရာ မရှိဆိုတဲ့ ဒါတွေက ဘယ်လိုမှ အဖြေဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ အဲဒီတော့ အားလုံး ဟာ နိုင်ငံတော်အတွက် ဦးတည်ချက်နဲ့ စဉ်းစားပြီးတော့ သဘောထားကြီးစွာနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကိုပဲ သွားကြပါလို့ ကျနော် ဒီအတိုင်းလေး မေတ္တာရပ်ခံချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊မေလက ကချင်ပြည်နယ်မှာ လူငယ်တစ်စုက သွေးကြွေးမှာ ဆွေးနွေးစရာမလိုဘူးဆိုကာ ကြွေးကြော်နေကြစဉ်(CJ)
မြန်မာနိုင်ငံတွင် တပ်မတော်ကို ဖြုတ်ချနိုင်ရေးအတွက် အပြုတ်တိုက်ရေးဟု ကြွေးကြော်ကာ လက်နက်ကိုင် တိုက်ခိုက်နေကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအစိုးရ(NLD)ကို ဖြုတ်ချ၍ အာဏာရယူပြီးနောက် တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲလာကြသည်။
ထို့နောက် လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲလာသူများက အပြုတ်တိုက်ရေးနှင့် သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဟု ကြွေးကြော်ခဲ့ကာ မြန်မာ့တပ်မတော်ကို တော်လှန်တိုက်ခိုက်လျက်ရှိနေသည်။
မြန်မာ့တပ်မတော်က သွေးကြွေးများ အထပ်ထပ်တင်အောင် လုပ်ဆောင်နေသည့်အတွက် ဆွေးနွေးစရာ မရှိ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကိုတွေ့ရစဉ်
၎င်းက “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုတဲ့ စကားဟာ ဒီစစ်ကောင်စီက သွေးကြွေးတွေ အထပ်ထပ် တင် အောင် လုပ်နေတဲ့အတွက် ကျနော်တို့ ဆွေးနွေးမနေဘူး။ ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူး။ စစ်ကောင်စီကို ဖယ်ရှားပစ်ဖို့ တိုက်ပွဲဝင်ရမယ်ဆိုတဲ့ လူငယ်တွေရဲ့ ပိုင်းဖြတ်ချက် ဖြစ်ပါတယ်၊ ဘယ်လူကြီးတွေကမှ အဲဒီကိစ္စကို တားမြစ်တာ မရှိပါဘူး။ သွေးကြွေးကို ဆွေးနွေးစရာ မရှိဘူးလို့ ပြောလိုက်တဲ့အတွက် ဒီတော်လှန်ရေး အင်အားစု တွေကတင်းမာတဲ့ နိုင်ငံရေးအမြင်မရှိဘူးတို့ ဘာတို့ဆိုတာက နိုင်ငံရေး အချောင်သမားတွေနဲ့ စစ်ကောင်စီရဲ့ အုပ်စိုးမှုအောက် မှာ ဆက်လက်ပြီးတော့ ကိုယ်ကျိုးစီးပွားတွေ ခံစားနေတဲ့ အင်အားစုတွေ ပြောနေတဲ့ လေသံပဲဖြစ်တယ်လို့ ရှင်း လင်းစွာ သဘောထား ထုတ်ဖော်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီ ဖြစ်ကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1136
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄
မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ နှစ်နိုင်ငံနယ်စပ်တွင် လုံခြုံရေးအား ပိုမိုတင်းကြပ်သွားမည် ဖြစ်သည့် အတွက် မလေးရှားသို့ တရားမဝင်(အောက်လမ်း)လာမည့် မြန်မာများအနေဖြင့် ယခင်ကထက် ပို၍ ဂရုစိုက်ကြ ရန် မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်း-မလေးရှား နယ်စပ် ထိုင်းဘက်အခြမ်းတွင် ဗုံးပေါက်ပွဲမှုဖြစ်ပွားပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်း၍ နယ်စပ်လုံခြုံရေးအား ပိုမိုတင်းကြပ်သွားရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “ဗုံးပေါက်မှု ဖြစ်ပွားတော့ အဲဒီ ဗုံးပေါက်မှုကြောင့် နယ်စပ်မှာ တင်းကြပ်မှုတွေ ပိုမိုချမှတ်သွားမယ်ပေါ့နော်။ ဒီ အဝင်၊ အထွက်တို့ ဘာတို့ အစုံ ပေါ့နော်။ အဲဒါကြောင့်မို့လို့ သူတို့ ဒီ ဗုံးပေါက်မှုနဲ့ ပတ်သက်လို့ လူတွေ တရားမဝင် ဝင်၊ ထွက်တာတို့ဘာတို့ တရားဝင်ရော၊ တရားမဝင်ရောပေါ့။ အဲဒါတွေကို ပိုမိုတင်းကြပ်သွားပါလိမ့်မယ်နော်။ အရင်က လုံခြုံရေးဂိတ်တွေ ပိုပြီးတော့ ထပ်ချလာမယ်၊ ပြီးတော့ လုံခြုံရေးအတွက် ပတ်တာပေါ့ ရဲတို့ စစ်သားတို့ ပတ်တာတွေ ပိုပြီးတော့ စိပ်လာလိမ့်မှာပေါ့။ အဲဒီအတွက် တရားမဝင် ဝင်ဖို့ ဘာဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲသွားလိမ့်မှာပေါ့။ အရင် ကတောင်မှ ဖမ်းဆီးခဲ့တာ။ လွတ်ရာလွတ်ကြောင်း အခွင့်အရေးနည်းသွားမှာပေါ့။ မလာသင့်ဘူးလို့ပဲ ကျနော် ပြောချင်တာပေါ့နော်” ဟု ပြောသည်။
မလေးရှားနယ်စပ်တွင် ဖမ်းဆီးခံရသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သူများ
လက်ရှိတွင်လည်း အဖမ်းအဆီးများမှာ နေ့စဉ်ရှိနေပြီး ထိုသို့ အဖမ်းခံရလျှင် အဓိက အများဆုံးမှာ မြန်မာ များသာဖြစ်ကြောင်းနှင့် တရားမဝင်(အောက်လမ်းမှ)လာသည့် မြန်မာများမှာ ထိုင်းဘက်တွင် အဖမ်းခံရခြင်းနှင့် မလေးရှားဘက်တွင် အဖမ်းခံရခြင်းတို့မှာ နေ့စဉ်မြင်တွေ့နေရကြောင်း သိရသည်။
မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအား ပိုမိုတင်းကြပ်ရန်လုပ်ဆောင်ခြင်းသည် ဗုံးပေါက်ကွဲမှုအား အကြောင်းပြကာ တရားမဝင် ဝင်၊ ထွက်နေမှုများအား အဓိက ထိန်းချုပ်ချင်သည့်အတွက် ဖြစ်နိုင်ကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်း အလုပ်သမားကူညီမှုအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်း ဌာနသို့ ပြောသည်။
“တရားမဝင် နယ်စပ်ဖြတ်ကျော်တာတွေရော၊ နောက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ တစ်ခုနဲ့တစ်ခု လုံခြုံမှုကို စိစစ် တာလည်း ဖြစ်နိုင်ပါတယ်။ အဓိကကတော့ သူတို့ တရားမဝင်လမ်းကြောင်းတွေကနေပြီးတော့ ဝင်၊ ထွက် သွားလာနေတာတွေကို ထိန်းချုပ်ချင်တာကြောင့်လို့ ကျနော်ထင်တယ်လေ။ ကျနော်တို့က အောက်လမ်း ဘာတွေကျတော့ အားမပေးဘူး။ အဓိကကတော့ မသွားစေချင်ဘူးပေါ့ အောက်လမ်းက။ သူ့နိုင်ငံထဲကို တရားမဝင် ဖြတ်ကျော်တယ်ဆိုရင်တော့ သူ့နိုင်ငံမှာသတ်မှတ်ထားတဲ့ တရားမဝင်ဖြတ်ကျော်မှု ဥပဒေတွေက အများကြီး ရှိတယ်လေ။ အဲဒီဥပဒေအတိုင်း သူတို့က ဆောင်ရွက်နေတာပဲ။ အစိုးရအသစ်က ဘယ်လောက်ထိ သူချမှတ် ထားလဲဆိုတာ ကျနော်တို့က မသိနိုင်သေးဘူးလေ” ဟု ၎င်းက ပြောသည်။
တရားမဝင်လမ်းကြောင်းမှ မလာကြရန် မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများမှ သတိပေးပြောဆိုသော်လည်း မြန်မာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် တရားမဝင်သွားနေကြဆဲဖြစ်သည်။
ထိုသို့ တရားမဝင်လာမည်ဆိုပါကလည်း လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးပိုမိုတင်းကြပ်မည့်အတွက် ယုံကြည်စိတ်ချရသည့် ပွဲစားများဖြင့်သာ လာသင့်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက် ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၀ ခုနှစ်က ထိုင်း-မလေးရှား နယ်စပ်မြင်ကွင်း(ဓါတ်ပုံ-အေအက်ဖ်ပီ)
“ထိုင်း-မလေးနယ်စပ်မှာလည်း လုပ်စားနေတဲ့ ပွဲစားတွေ အများကြီးရှိတာပဲ။ လူ အဝင်၊ အထွက်လုပ်ပေးနေတဲ့ ပွဲစားတွေ အေးဂျင့်တွေလည်း အများကြီးရှိတာပဲ။ ဒါပေမယ့် လွတ်ထွက်လာတဲ့လူတွေလည်း မရှိဘူးလား ဆိုတော့ ရှိပါတယ် အများကြီးပါပဲ။ အဲဒီတော့ ကျနော် ပြောချင်တာကတော့ အောက်လမ်းကနေ လာချင်တဲ့ လူတွေကတော့ ယုံကြည်စိတ်ချရတဲ့ ပွဲစားတွေနဲ့ ရှာပြီးတော့ လာကြပေါ့နော်။ ဆက်သွယ်ချိတ်ဆက်ပြီးတော့ လာကြပေါ့။ အခုက တစ်ခုခုဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုက မရှိဘဲနဲ့ ဖြစ်လာပြီဆိုရင် ရှောင်ပြေးတဲ့ ပွဲစား တွေကလည်း ခပ်များများရယ်။ အဲဒါကြောင့်မို့လို့ တကယ်ပဲ စိတ်ချရမယ့် ပွဲစားတွေနဲ့ ရှာကြပေါ့။ အရင်က ဆိုရင်တော့ ကျနော်တားခဲ့ပါတယ် အောက်လမ်းကနေ မလာဖို့။ ဒါပေမယ့် အခုလို အခြေအနေမျိုးမှာတော့ မတားရက်ဘူးပေါ့။ ကျနော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေကိုသိနေတော့ အခက်အခဲအမျိုးမျိုးကြောင့် လာချင်ကြတော့လည်း လာကြပါ။ ဒါပေမယ့်လည်း အောက်လမ်းကနေ လာလည်း မကုန်ဘူးလားဆိုတော့ တော်တော်များများကုန်ကြပါတယ်။ အဲဒီတော့ တကယ်ပဲ ယုံကြည်စိတ်ချရမယ့် ပွဲစားတွေ၊ အေးဂျင့်တွေနဲ့ ချိတ်ဆက်ပြီးမှ လာကြပါလို့ ကျနော်ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးသို့ တင်ထားသည့် နိုင်ငံခြားသားအလုပ်သမားခေါ်ယူရန် လျှောက်လွှာ ၃ သိန်း ၇ သောင်းကျော်အား ခွင့်ပြုပေးခဲ့ကြောင်းနှင့် လက်ရှိတွင် မလေးရှားနိုင်ငံ၌ တရားဝင် နိုင်ငံခြားသား အလုပ်သမားဦးရေ ၁ ဒဿမ ၄ သန်းခန့်ရှိပြီး ထိုထဲတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ၅ သိန်းကျော်၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် ၃ သိန်းကျော်၊ ဝန်ဆောင်မှုလုပ်ငန်းတွင် ၁ သိန်းကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ၁ သိန်းကျော်တို့ ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 910
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs) ၇ ဖွဲ့မှ တွေ့ဆုံဆွေးနွေးရန် အဆိုပြုခဲ့သော်လည်း တွေ့ဆုံရန် အဆင်သင့် မဖြစ်သေးကြောင်း အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)က အကြောင်းပြန်ခဲ့သည်ဟု EAOs ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
PPST က တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ဖက် ကိုယ်စား လှယ် အနည်းငယ်ဖြင့် စတင်တွေ့ဆုံရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “ကျနော်တို့က အဲဒီ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC ကို ကျနော် တို့က ပြီးခဲ့တဲ့ ၇ ရက်နေ့က ကျနော်တို့ စာပို့ထားတယ်၊ ကျနော်တို့ ဆိုတာက EAOs ၇ ဖွဲ့ရဲ့ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ပေါ့လေ၊ အဲဒီ EAOs ၇ ဖွဲ့ကနေပြီးတော့ ကျနော်တို့ စာကို ဆရာတို့ သိတဲ့အတိုင်းပဲ ၇ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့ ညှိနှိုင်းစာကို ကျနော်တို့ ၇ ရက်နေ့မှာ ပို့တယ်၊ သူတို့ဖက်ကလည်း အချိန်နဲ့ တစ်ပြေးညီပါပဲ၊ ကျနော်သိရသလောက်တော့ ၈ ရက်နေ့မှာပဲ သူတို့ရဲ့ သဘောထား ပြန်ကြားလာတာရှိတယ်၊ လောလောဆယ်ပေါ့လေ၊ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာက။ ကျနော် တို့ကတော့ ကိုယ့်ရဲ့ အဆိုပြုစာကတော့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်နေရာမှာ တွေ့ဆုံလိုတယ်၊ နောက်တစ်ကြိမ် ကြရင် ဘယ်နေ့ဘယ်ရက်မှာ တွေ့ဆုံလိုတယ်၊ စာထဲမှာ တွေ့ရတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ ညှိနှိုင်းစာ၊ အဆိုပြုစာပဲ ဖြစ်ပါတယ်၊ ကျနော်တို့ဖက်က လုပ်ဆောင်နေတဲ့ အစီအစဉ်ကို စတင်ပြီးတော့ အဆိုပြုတာ ဖြစ်ပါတယ်၊ သို့သော် လည်းပဲ အဲဒီအဆိုပြုချက် အပေါ်မှာပေါ့လေ၊ NSPNC ဘက်ကတော့ လောလောဆယ်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် မဖြစ်ဘူး။ ကျနော်တို့ အဆိုပြုတဲ့ ရက်တွေမှာပဲ ကျနော်တို့ တွေ့ဆုံနိုင်ခြင်း၊ ဆွေးနွေးနိုင်ခြင်း လော လော ဆယ်ကတော့ မရှိသေးပါဘူး ဆိုတာကိုတော့ အဲဒီလိုပဲ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
NSPNC နှင့် တွေ့ဆုံရန် အဆိုပြုခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ ဖြစ်ကြသည်။
နှစ်ဖက် အဖွဲ့အစည်း အနေဖြင့် ညှိနှိုင်းသဘောတူညီချက်များ ရရှိရေး အလွတ်သဘော တွေ့ဆုံရန် အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ နှစ်နီးပါး လူထုများ ကြုံတွေ့နေရသည့် အကျပ်အတည်းများကို ဖြေလျော့နိုင်ရေး ကြိုးပမ်းချက် ဖြစ်ကြောင်း EAOs ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော် ညွန့်က ပြောသည်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် KNU/KNLA-PC ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ နေပြည်တော် သွားလက်စ ၇ ဖွဲ့အနေနဲ့ အရင်ကလိုမျိုး တစ်ဖွဲ့ချင်းစီ သွားရောက် တွေ့ဆုံတာ ထက် စာရင်ပေါ့၊ ကျနော်တို့ ၇ ဖွဲ့ကနေ စုပေါင်းပြီးတော့ ပထမဆုံး ကြိုးပမ်းမှုအနေနဲ့ လက်ရှိ နိုင်ငံရေး အကျပ် အတည်းကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဒါမှမဟုတ် ဖြေလျော့နိုင်ဖို့ နည်းလမ်းရှာလိုတဲ့ အကြောင်းအရာ၊ နည်းလမ်းရှာနိုင်မယ့် အခင်းအကျင်းတစ်ခုကို ကျနော်တို့ နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုနဲ့ ဖော်ဆောင်နိုင်ဖို့ကို စတင် ပြီးတော့ ချည်းကပ်တတယ်၊ အဆိုပြုတာပဲ ဖြစ်ပါတယ်ခင်ဗျ” ဟု ပြောသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ ဖြစ်သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အထက်ပါ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့မှ ခေါင်း ဆောင်များ တစ်ဖွဲ့ချင်းစီးဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားသည်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်လည်း တစ်ဖွဲ့ချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 458
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းမှာ တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော်တို့ ဒီဇင်ဘာ ၇ ရက်နေ့က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိသော ကုန်းသာကျေးရွာမှာ ပျက်စီးသွားခဲ့သည်ကိုတွေ့ရသည်။
အလားတူ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်းနေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 706
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်တွင် မြန်မာ့တပ်မတော်နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)တို့ တိုက်ပွဲကြောင့် ဒေသခံ ၂ ထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရ ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီမှ ကော်မတီဝင် တစ်ဦးဖြစ်သူ ဒီဒီပိုးကျိန်က CNI သတင်းဌာနသို့ ပြောသည်။
ဒီဇင်ဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲမှာ ဒီဇင်ဘာ ၁၁ ညပိုင်းအထိ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲရှောင်များမှာ နမ့်ဆန်မြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း ၎င်းက ပြောသည်။
ဒီဒီပိုးကျိန်က “၂၀၀၀ ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်၊ အထူးသဖြင့် မန်လုံးရွာရယ်၊ ကုန်းသာရွာရယ်၊ ပြီးရင် အဲဒီအနီးအနား တစ်ဝိုက်က ရွာတွေ တော်တော်များက ရွာတွေ ပြောင်းလာကြတယ်၊ ပြေးလာကြတာပေါ့” ဟု ပြောသည်။
TNLA နဲ့ တပ်မတော်ကြား တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသူများကိုတွေ့ရစဉ်
အဆိုပါ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်က လေယာဉ်ဖြင့် တိုက်ခိုက်မှု ရှိနေသလို၊ နမ့်ဆန်၊ မန်တုံမြို့တွင် ရှိနေသည့် တပ်မတော်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုလည်း ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် လက်ဖက်ကောက်ချိန်၊ လက်ဖက် နေလှန်းချိန် ဖြစ်သည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခက်အခဲကတော့ ဖြစ်လာမှာပဲ အခုတောင် အခက်အခဲ ဖြစ်နေတယ်လေ၊ သူများ ကောက်တဲ့အချိန်၊ သူများ လက်ဖက်လှန်းနေတဲ့အချိန်၊ သူများ စပါးရိတ်နေတဲ့ အချိန်၊ စပါးသိမ်းတဲ့အချိန် သူတို့က ကိုယ်အလွတ်နဲ့ ပြေးလာကြတဲ့ လူတွေပဲလေ၊ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ အချင်းချင်း အာဃာတ မထား ကြဖို့ပေါ့နော်၊ တိုင်တိုင်ပင်ပင်နဲ့ ကိုယ့်ရဲ့ စားပွဲခုံပေါ်မှာပဲ ဆွေးနွေးတိုင်ပင်ကြရင် ကောင်းမယ်လို့ မေတ္တာရပ်ခံချင် တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ မိဘပြည်သူတွေက ဒုက္ခရောက်နေတယ်၊ သူတို့ဖြစ်လိုက်တာနဲ့ ဆိုရင်တော့ မိဘ ပြည်သူတွေ ဒုက္ခရောက်တာ အဲဒါက မဖြစ်စေချင်ဘူးလေ” ဟု ပြောသည်။
TNLA နဲ့ တပ်မတော်ကြား တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသူများကိုတွေ့ရစဉ်
တိုက်ပွဲရှောင်များကို တအာင်းအရပ်ဖက် အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများမှ အကူအညီပေးနေကြောင်း သိရသည်။
ဒီဒီပိုးကျိန်က “ကျမတို့ ဒီဒေသခံ လူထုတွေ တော်တော်လေး ဒုက္ခရောက်နေတာပေါ့နော်၊ အခုချိန်ဆိုသိတဲ့ အတိုင်းပဲ ကျမတို့ ဒေသဟာ အရမ်းကို ချမ်းတဲ့ ဆောင်းရာသီ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကလေးတွေ အတွက်ရော၊ လူအိုတွေ အတွက်ရော အင်မတန်မှ စိုးရိမ်စရာ ဖြစ်တာပေါ့နော်၊ အမှန်ဆိုရင် ကျမတို့ ကိုယ့်အိမ်မှာ နွေးနွေးထွေးထွေး နေရမယ့်အစား ဒီလိုမျိုး ပြေးလွှားသွားနေရတာကတော့ မကောင်းဘူး။ နောက်တစ်ချက်က ကျမတို့ ကလေးတွေကလည်း ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး ကိုဗစ်ကြောင့်၊ နိုင်ငံမတည်ငြိမ်တဲ့ အခြေအနေကြောင့်မို့လို့ ကျောင်းပိတ်လိုက်ရတဲ့ အနေအထားမှ ဒီနှစ်မှ ပြန်ဖွင့်တယ်၊ ဒါပေမဲ့ အခုအဲဒီလိုမျိုး တိုက်ပွဲတွေ ပြန်ဖြစ်တော့ ကလေးတွေ ကျောင်းကနေ ပြန်ထွက်ပြေးရတဲ့ အနေအထားမှာ ရှိနေတယ်။ ကျမတို့ ဒီဒေသမှာ ရှိနေတဲ့ လူတွေ က ကျောင်းလည်း တက်ခွင့်မရ၊ တခြား စီးပွားရေးလည်း မကောင်းဘူးပေါ့နော်၊ ဘာလုပ်စား၊ ဘာကိုင်စားရမှန်း တောင် မသိတဲ့ အနေအထားမှာ ရှိနေတယ်၊ လူထုက တော်တော်လေးကို ဒုက္ခရောက်နေတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် TNLA သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်း လျက်ရှိနေသော တအာင်း(ပလောင်)လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။