- By CNI
- Category: နိုင်ငံရေး
- Hits: 209
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁
တိုက်ပွဲများကြောင့် ကျဆုံးနိုင်ငံဖြစ်နေသည့် အခြေအနေမျိုးတွင် တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေခြင်းသည် ကိုယ့်အနာဂတ်ကို ရိုက်ချိုးသလိုဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာကာ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
စိုင်းလိတ်က “ကျနော်တော့ fail state လို့ ပြောနေတဲ့ ကျဆုံးနိုင်ငံကြီးထဲကို ရောက်နေတာ တွင်းဆုံးတောင် ရောက်တော့မှာပေါ့နော်၊ ပြိုကျနေတာ၊ ပြိုဆင်းနေတာ၊ ဟိုးအောက်ဆုံးအဆင့် ရောက်တော့မယ်၊ ဒီအခြေအနေ မှာမှ ကိုယ်က တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့လောက်ပဲ ရည်မှန်းနေတယ်၊ အပြုတ်တိုက်ဖို့လောက်ပဲ ဦးတည် နေဦးမယ် ဆိုရင်တော့ ဒါကိုယ့်အနာဂတ်ကို ပြန်ပြီးမှ ရိုက်ချိုးလိုက်သလိုမျိုး မျိုးသုဉ်းအောင် လုပ်လိုက်သလိုမျိုး ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တိုက်ပွဲများကြောင့် ပြည်သူလူထုများမှာ စီးပွားရေး အကျပ်အတည်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ နယ်မြေ မလုံခြုံမှုများဖြင့် နေ့စဉ်ရင်ဆိုင်နေကြသည်။
အခြားတစ်ဖက်တွင် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများမှာ နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးထက် တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေ ကြောင်း သိရသည်။
ဆောက်လုပ်ရေးအလုပ်သမား တစ်ဦးကိုတွေ့ရစဉ်
တိုက်ပွဲများ ကျယ်ပြန့်လာသည်နှင့်အမျှ ပြည်သူလူထုများမှာ ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူထုတွေအနေနဲ့ အကျပ်အတည်းကတော့ ဒီခရီးသွားလာရေး၊ သွားရေးလာရေးတို့ နောက်ပြီးတော့ ကုန်ပစ္စည်းတွေ ပို့ဆောင်ရေးတို့ နေရာမှာလည်း အခက်အခဲ ကြန့်ကြာမှုတွေ ဖြစ်တယ်၊ နောက်ပြီးတော့ ဆီပေါ့ နော်၊ စက်သုံးဆီတွေ အကျပ်အတည်းဖြစ်လာမယ်၊ နောက်တစ်ခုကတော့ စီးပွားရေးတွေ ပိုပြီးတော့ ကျပ်တည်း လာမယ်ပေါ့၊ ဒီကုန်ဈေးနှုန်းတွေ ပိုပြီးတော့ မြင့်လာမှာပေါ့၊ အဲဒါတော့ ပြည်သူလူထုတွေ လတ်တလော ရင်ဆိုင်ရ မယ့် အခြေအနေပေါ့နော်။ ဒီတိုက်ပွဲတွေ ကျယ်ပြန့်လာလို့ရှိရင် လူထုတွေတော့ အခက်အခဲကတော့ မျိုးစုံပေါ့နော်၊ ပြောမတတ်လောက်အောင် မျိုးစုံဖြစ်လာမယ်၊ နောက်ပြီးတော့ ပါဝင်တဲ့ လူတွေပေါ့၊ Stakeholders တွေကတော့ ပြည်သူလူထုတွေရဲ့ အပေါ်မှာ စိတ်ကောင်းစေတနာ ထားပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်လာပြီလို့ပဲ ကျနော် တို့ ပြောချင်တယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာက တာဝန်ယူလျက်ရှိသည်။
ထို့နောက် NLD ခေါင်းဆောင်အချို့၊ ဒီမိုကရေစီ အင်အားစုများမှာ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ ကြပြီး လက်ရှိတွင် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါတိုက်ပွဲများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများမှာ အဖက်ဖက်မှ ယိုယွင်းကျဆင်းလျက်ရှိနေပြီး လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 175
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၈
နစကနှင့် NUG တို့ကြား တရားဝင်အစိုးရဖြစ်ရေးအတွက် သံတမန်ရေးရာ အားပြိုင်မှု မည်ကဲ့သို့ ရှိနေသလဲဆို သည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ နစကနှင့် NUG တို့သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာများတွင် အားပြိုင်လျက်ရှိနေသည်။
ကုလသမဂ္ဂတွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် နိုင်ငံပေါင်း ၁၂၀ ကျော်မှာ NUG ဘက်တွင် ရပ်တည် ကြောင်း၊ တရုတ်၊ ရုရှားနှင့် နိုင်ငံအနည်းငယ်သာ နစကကို ထောက်ခံ အသိအမှတ်ပြုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုလသမဂ္ဂက နိုင်ငံပေါင်း ၁၉၀ ကျော်ရှိတဲ့အနက်မှာ နိုင်ငံပေါင်း ၁၂၇ နိုင်ငံက ထောက်ခံတယ်ဗျာ၊ နိုင်ငံ ၃၅ လောက်က ကြားနေ၊ အဲဒီထဲမှာ စစ်ကောင်စီကို ထောက်ခံအသိအမှတ် ပြုတယ်ဆိုတာ ရုရှားနဲ့ တရုတ်ရဲ့ နောက်လိုက် နိုင်ငံအချို့ပေါ့ဗျာ၊ ၅ နိုင်ငံလောက်ပဲ ရှိမယ်ထင်တယ်။ ဒီအနေအထားကို ကြည့်လို့ရှိရင် သံတမန်ရေး အရ ဘယ်အင်အားစုက အသာရနေသလဲဆိုတာ မြင်သာပါတယ်။ အာဆီယံကတော့ ရောင်စုံ အဖွဲ့အစည်းဖြစ်တာ ကိုး အဲဒီတော့ အာဆီယံနိုင်ငံတချို့ကတော့ စစ်ကောင်စီအလိုကျ လုပ်ပေတဲ့နိုင်ငံလည်း ရှိတယ်။ ဒါပေမဲ့ အများ ပိုင်းက ပြောရလို့ရှိရင် အာဆီယံရဲ့ ဆုံးဖြတ်ချက် ၅ ရပ် ချမှတ်နိုင်တာ အာဆီယံထဲမှာ ဘယ်အင်အားစုက အားကောင်းတယ်ဆိုတာလည်း ဒါသိသာပါတယ်” ဟု ပြောသည်။
နစကအစိုးရကို တွေ့ရစဉ်
နစကနှင့် NUG တို့သည် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေကြသည်။
ထို့အတူ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့၌ ကျင်းပသော အာဆီယံနှစ်ပတ်လည် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ နစကမှ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း တက်ရောက်ခဲ့သည်။
အာဆီယံနှစ်ပတ်လည် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ နစကမှ တက်ရောက်ခြင်းကြောင့် သံတမန် ရေးရာတွင် အသာရရှိသွားသည်ဟု ပြောဆို၍ မရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နစကမှာ လက်ရှိ အစိုးရဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
NUG အဖွဲ့၀င်များကို တွေ့ရစဉ်
၎င်းက “SAC က ဘာပဲပြောပြော လက်ရှိတရားဝင် အစိုးရဆိုတာကတော့ ရှိနေပြီးသားပဲလေ၊ ပြောရလို့ရှိရင် နယ်မြေရှိတဲ့ အစိုးရပေါ့။ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဆိုတာက အမျိုးမျိုး ရှိတယ်လေ၊ သူ့နိုင်ငံရဲ့ သဘာဝအရကိုက ကာကွယ်ရေးဝန်ကြီးကို ကာကွယ်ရေးထဲက ဦးစီးချုပ် သို့မဟုတ် စစ်တပ်က ဗိုလ်ချုပ်တွေပဲ တာဝန်ယူရတာကိုး။ အဲဒီတော့ သူက မဆန်းဘူးလေ။ မဆန်းတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ နစက-က ကာကွယ်ရေးဝန်ကြီးတွေပေါ့နော်၊ လက်ရှိ ယူနီဖောင်းဝတ်ထားတဲ့ လူတက်တယ်ဆိုတာ တက်ခွင့်ပေးရတယ်ဆိုတာလည်း မဆန်းဘူး။ တက်ခွင့်ပေးရမှာ၊ ဒါကို ကြည့်ပြီးတော့ နစကကို အသာစီး ရတယ်လို့ ကျနော်တို့က သိပ်ပြီးတော့ ပြောလို့မရဘူး။ သို့သော် နစကထဲမှာကတော့ လက်ရှိအစိုးရဆိုတဲ့ legitimacy ပေါ့ဗျာ၊ legitimacy က ရှိနေသေးတယ်။ ရှိတယ်။ သူက ၂၀၀၈ အရ သွားတာကိုး။ ဒါကတော့ လက်ခံတဲ့သူရှိတယ်၊ လက်မခံတဲ့သူရှိတယ်။ အသာစီးရသွားပြီ ဆိုတာမျိုးကတော့ အဲဒီလိုတော့ တစ်ထစ်ချ ပြောလို့ မရသေးဘူး” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာက တာဝန်ယူလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 196
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်း တပ်ဖွဲ့က မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ခဲ့ရာတွင် လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ကျဆုံးသွားကြောင်း သိရသည်။
KIA၊ AA၊ KPDF၊ PDF ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ဝိုင်းမော်နှင့် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကူပေးရန်သွားသည့် လီဆူပြည်သူ့စစ်တပ်ဖွဲ့လည်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။
ထို့နောက် ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် လီဆူပြည်သူ့စစ်တပ်ဖွဲ့များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဦးရွှေမင်းလည်း ကျဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
မြန်မာ့တပ်မတော်ကလည်း KIA တည်ရှိရာ လိုင်ဇာဒေသကို လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 121
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေမှာ နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှုများအား သိမ်းယူရန် ပြင်ဆင်သလိုဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။
ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခြင်းမရှိဘဲ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျာက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူခံရသောပါတီ သို့မဟုတ် ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဆင့်ထက်မနိမ့်သူ တစ်ဦးဦး သည် ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇) ပါ အချက်တစ်ရပ်ရပ်နှင့်လည်း ငြိစွန်းမှု ရှိကြောင်း စိစစ်တွေ့ရှိပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးထားသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်ထားထားသည့် နည်းလမ်းအတိုင်း အပ်နှံရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့က UEC မှ ထုတ်ပြန်ခဲ့သည်။
ထိုဥပဒေပြင်ဆင်မှုသည် လူတစ်ဦးချင်းစီ၏ လုပ်ဆောင်မှုမှာ အဖွဲ့အစည်းတစ်ခုလုံးအား ကိုယ်စားပြုခြင်း ရှိ/မရှိ ဆိုသည်ကို စိစစ်ရမှာ ဖြစ်ကြောင်း၊ ယင်းကိစ္စမှာ တရားနည်းလမ်းကျသည့် ဥပဒေမဟုတ်ကြောင်း SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။
SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို တွေ့ရစဉ်
၎င်းက “ဒီဥပဒေက ရှင်းရှင်းပြောရရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို ပြန်ပြီး နည်းဥပဒေအရ ပြန်ပြီးတော့မှ ထုတ်ပြန်တာပဲ ဖြစ်တယ်လေ၊ အရင်က ထုတ်ပြန်ထားတာနဲ့ ဘာမှ မထူးပါဘူး။ ဒါပေမဲ့ အရင်က ထုတ်ပြန်ထားတဲ့ သဘောထားအရ ပါတီမှတ်ပုံမတင်တဲ့ ဆက်လက်ပြီး ပါတီမှတ်ပုံမတင်တဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုကို CEC တစ်ဦးက သူတို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ခုနဲ့ ငြိစွန်းရင်တောင်မှဘဲ သိမ်းပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာက ဒါတော်သင့် မှန်ကန်ရဲ့လားဆိုတာ ပြန်ပြီး သုံးသပ်ရမှာ ဖြစ်တယ်ပေါ့နော်၊ လူတစ်ဦးချင်းစီရဲ့ ပြစ်မှု၊ ဒါမှမဟုတ် လုပ်ကိုင်ဆောင်ရွက်မှုဟာ အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုရဲ့လားဆို တာကို ပြန်ပြီး စိစစ်ရမှာ ဖြစ်တယ်။ ကျနော်အမြင်မှာတော့ ဒါဟာ တော်သင့်မှန်ကန် တရားနည်းလမ်းကျတဲ့ ဥပဒေမဟုတ်ဘူးလို့ မြင်တယ်။ အဲဒီတော့ စကစရဲ့ အခု ထုတ်ပြန်ချက်၊ UEC အနေနဲ့ ထုတ်တာပဲဖြစ်ဖြစ်၊ သူတို့ အနေနဲ့ ထုတ်တာပဲဖြစ်ဖြစ် ဆက်လက်ပြီး မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီကြီးတွေကို ပစ်မှတ်ထားပြီးမှ သူတို့ ပိုင်ဆိုင်မှုကို သိမ်းယူဖို့အတွက် ရမယ်ရှာတာ သက်သက်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် SNLD ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီအချို့ ပြန်လည်၍ ပါတီမှတ်ပုံတင် ခဲ့ခြင်း မရှိပေ။
UEC က ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအပေါ် ဝေဖန်စရာ မရှိကြောင်း၊ မိမိတို့ ပါတီ အနေဖြင့် ပိုင်ဆိုင်မှုများအား စာရင်းပေးထားပြီးဖြစ်ကြောင်း ပြန်လည်မှတ်ပုံတင်ခြင်း မရှိသည့် တအာင်း (ပလောင်)အမျိုးသားပါတီ (TNP)မှ ဦးကျော်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များတွေ့ဆုံစဉ်
၎င်းက “ဒါကလည်း လောလောဆယ် ဝေဖန်စရာ မရှိပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ကတော့လေ။ ဘာလို့ဆို သူတို့ သတ်မှတ်တဲ့အတိုင်းပဲပေါ့။ ကိုယ်က မှတ်ပုံတင်လည်း ပြန်မတင်တော့တဲ့အတွက်လေ။ တကယ်လို့ သူတို့ ဟိုဟာဖြစ်တယ်ဆိုရင်လည်း ဆိုတာက ခုနပြောသလိုပေါ့ဗျာ၊ တစ်ခုတော့ ရှိတာပေါ့ ကျနော်တို့က ပိုင်ဆိုင်မှု ဆိုတဲ့အတိုင်းအတာမှာ သူတို့ စာရင်းဘာညာ ပေးပို့ထားပြီးသားပဲ၊ ငွေကြေးရော၊ ပစ္စည်းရော အဲဒီလိုမျိုးပေါ့ ရုံးသုံးပစ္စည်းပေါ့၊ အဲဒီအပေါ်မှာ အထူးတလည်တော့ ပြောလိုမှု မရှိတော့ပါဘူး” ဟု ပြောသည်။
UEC က နိုင်ငံရေးပါတီများကို ပြန်လည်၍ မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံရေးပါတီ ၄၀ ကျော်အား မှတ်ပုံတင်ချထားပေးပြီး ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခု ၂၀၂၄ ခုနှစ်ကို သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုနောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့် နိုင်ငံရေး ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 323
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၆
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)က ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရက္ခိုင့် တပ်တော် (ULA/AA) ၏ ရည်မှန်းချက်ကို ပုံဖော်လာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
AA ၏ ရည်မှန်းချက်ဖြစ်သော ကွန်ဖက်ဒရေးရှင်းကို ပုံဖော်လာနိုင်သလို ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများ ကိုလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများအား ဖော်ဆောင်လာနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးမျိုးကျော်က “အစောကြီးကတည်းက ရက္ခိုင့်တပ်တော် (AA) အနေနဲ့ဆိုရင် ဒီစကားကတော့ သူတို့ ပြောပြီး သားပဲ၊ သူတို့ လိုအပ်တဲ့ဟာဆိုရင် “ဝ”အဆင့်ထက် မနိမ့်သော ကွန်ဖက်ဒရိတ်ကို လိုချင်တဲ့ဟာမျိုး ကျနော်တို့ ကတော့ အဲဒါကို သူတို့ ဘယ်လိုပုံဖော်မလဲဆိုတာ စောင့်ကြည့်လာတယ်ပေါ့ဗျာ၊ အခုကတော့ ၁၀၂၇ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီဟာကြီးကတော့ ပုံပေါ်လာတယ်ပေါ့ဗျာ၊ တနည်းအားဖြင့် ပြောရရင် သူ့နယ်မြေမှာ သူ အများကြီး အလုပ်လုပ်လာနိုင်တယ်၊ သူတို့ သိမ်းပိုက်နယ်မြေတွေကို ပုံဖော်လာနိုင်တယ်ပေါ့ဗျာ၊ တနည်းအာဖြင့် ပြောရရင် သူတို့ ဆုတ်သွားတဲ့ စကစက ဆုတ်သွားတဲ့ နေရာတွေကို သူတို့ ပြန်ဝင်တိုးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး။ သို့သော်လည်း တပ်တော် (ULA/AA) အနေနဲ့က အဲဒီနေရာမှာ အစိုးရတစ်ရပ်လို ဘယ်လိုပုံဖော်မလဲဆို တာ ကျနော်တို့လည်း စောင့်ကြည့်နေတယ်လို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။
AA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံလူထုများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့မှာ အကျိုးအမြတ် ရရှိခဲ့ကြောင်း၊ AA မှ ထိန်းချုပ်နယ်မြေရရှိရေး ဆက်လက် လှုပ်ရှားနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တွေ့ရတာပေါ့၊ သူတို့အားလုံး ပေါင်းလုပ်ကြတာပေါ့နော်၊ ပေါင်းလုပ်တဲ့အခါကြတော့ သူတို့လည်း အကျိုးအမြတ်တော့ တော်တော်ရသွားတာပေါ့၊ အကျိုးအမြတ် တော်တော် ရသွားတယ်ဆိုတာတော့ ဒီဘက်က လည်း ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူးပေါ့နော်၊ အဲဒီအခါကြတော့ အကျိုးအမြတ် အများကြီးရှိတယ်၊ ဒါပေမယ့် သူက ၁၀၂၇ ပြီးပေမယ့်လည်း သူ့ရည်မှန်းချက်က မပြီးသေးဘူးလေ။ သူ့ရည်မှန်းချက်က MNDAA နဲ့ TNLA အတွက် ခြေကုတ်ရရုံပဲ ရှိသေးတာကို သူ့အတွက်က မရသေးတော့ လုပ်ရဦးမှာပေါ့၊ သူလုပ်ဖို့အတွက်ကို အများ ကြီး သူ့ရဲ့လှုပ်ရှားမှုက မရပ်တန့်ဘူးလို့ပဲ ကျနော်တို့က ပြောရမှာပေါ့” ဟု ပြောသည်။
AA အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ကာ သီးခြားနိုင်ငံထူထောင်ရန် အစီအစဉ်ဆွဲထားခြင်း မရှိကြောင်း၊ ကွန်ဖက် ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အဆင့်ထက် မနိမ့်သော အဆင့်မျိုး တည်ဆောက်မည်ဟု ရည်မှန်းထားကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မတ်လ ၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
AA ပြန်ကြားရေးတာ၀န်ခံ ခိုင်သုခကို တွေ့ရစဉ်
ခိုင်သုခက “ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ဖို့ ဆန္ဒရှိလားဆိုရင် အထက်ကလည်း ကျနော်ပြောခဲ့ပါတယ်။ ယနေ့ ထက်ထိ ယခုချိန်ထိတော့က ကျနော်တို့အနေနဲ့ ခွဲထွက်ဖို့ အစီအစဉ် ဆွဲထားတာတော့ မရှိပါ။ ကျနော်တို့ကတော့ က ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို ရဖို့ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ကျနော်တို့က ရန်သူ့ဖက်ကလည်း တောင်းနေဖို့ မဟုတ်၊ ကျနော် တို့ ကိုယ်တိုင် အာမခံချက်ရှိအောင် ကျနော်တို့ ဆက်လက်ပြီး လုပ်ဆောင်လုပ်ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
ခွဲထွက်ပြီး သီးခြားနိုင်ငံ ထူထောင်ခြင်း မထူထောင်ခြင်းက အတူတကွ နေထိုင်၍ ရ/မရဆိုသည့်ကိစ္စနှင့် တိုက်ရိုက် အချိုးကျကြောင်း၊ အတူတကွနေထိုင်ပြီး စိတ်မချမ်းသာဖြစ်နေသည့် အခြေအနေမျိုး၊ မိမိတို့ ပြည်သူများအား ဖမ်းဆီးနှိပ်စက်နေမှု၊ သတ်ဖြတ်နေမှုများမှာ စဉ်းစားစရာရှိကြောင်း ၎င်းက ပြောသည်။
၁၀၂၇ စတင်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြို လက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 128
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၆
တအာင်းဒေသ အပါအဝင် မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးထားပြီးဖြစ် ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့က တရုတ်နိုင်ငံမှာ၊ TNLA-MNDAA-AA တို့ နှင့် NSPNC ကြား လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
TNLA က “ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် မြောက်ပိုင်းညီနောင် မဟာမိတ်တို့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရှေ့ဆောင်ဦးရွက်မှုဖြင့် စကစ မြန်မာစစ်ကောင်စီနှင့် ဟိုင်ဂင် သဘောတူညီချက် စာချုပ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် လက်မှတ်ထိုးကာ တအာင်းဒေသ အပါအဝင် မြောက်ပိုင်း ဒေသတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်သည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသများကို တိုက်ခိုက်၍ ကိုးကန့်၊ ကုန်ကြမ်း၊ ဖောင်း ဆိုင်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ ကြူကုတ်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇-၈-၉ ရက်များတွင် ပထမအကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် တတိယအကြိမ်အဖြစ် လည်း ကောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် စတုတ္ထအကြိမ်အဖြစ် လည်းကောင်း ဆွေးနွေးခဲ့ ကြသည်။
လက်ရှိတွင် TNLA သည် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ္မတူ၊ သိန္နီ တို့ကို ထိန်းချုပ်၍ အုပ်ချုပ် ရေးထူထောင်လျက်ရှိပြီး နစကကို မြို့နယ် ၁၂ မြို့နယ်အား အသိအမှတ်ပြုပေးရန် တောင်းဆိုထားကြောင်း သိရသည်။
နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံပြည်သူလူထု၏ လူမှုစီးပွား ဘဝ တည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက် ဆောင်ရွက်နေသည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 158
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၅
ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့နယ်များကို နစက-က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်း သည် တအာင်းအမျိုးသားများလွတ်မြောက်ရေးတပ်မတော်(TNLA)ကို စစ်တိုက်ရန် ပြင်ဆင်ခြင်းလားဆိုပြီး နိုင်ငံရေးနှင့် စစ်ရေး အကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။
နစကသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူတို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရအပ်နှင်းကြောင်း မတ်လ ၄ ရက်က ထုတ်ပြန်ခဲ့သည်။
တိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍ မိမိကိုယ် တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်သည်ဟု ဖော်ပြထားသည်။
ထိုစစ်အုပ်ချုပ်ရေး ကြေညာမှုမှာ TNLA သိမ်းပိုက်ထားသည့် မြို့နယ်များအား ပြန်လည်သိမ်းပိုက်ရန် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အဲဒီဒေသတွေဟာ စစ်ကောင်စီရဲ့ လုံခြုံရေး အင်အားစုတွေ မရှိတော့တဲ့ အနေအထားအောက်မှာ အရှေ့မြောက်တိုင်းမှူးကို အာဏာလွှဲအပ်လိုက်တာ၊ အရှေ့မြောက်တိုင်း တိုင်းမှူးကတော့ လားရှိုးမှာ ရှိနေသေး တာကိုး။ အဲဒီတော့ ရည်ရွယ်ချက်က ဘာလဲဆိုရင် အဲဒီဒေသတွေဟာ တိုင်းမှူးရဲ့ စစ်ဥပဒေနဲ့ တိုင်းမှူးရဲ့ စစ်ရေး အစီအစဉ်တွေအောက်မှာ ရှိနေမယ်ဆိုတဲ့ အနေအထားပါ။ အဲဒီတော့ စစ်ဥပဒေအရကတော့ စစ်တိုင်းမှူးကနေ ပြီးတော့ ဥပဒေပြုမယ်၊ တရားစီရင်မှုတွေ လုပ်မယ်၊ စသည်အားဖြင့် စစ်တပ်ကို အာဏာလွှဲအပ်လိုက်တာ။ လွှဲအပ် လိုက်တဲ့ အနေအထားရဲ့ ဦးတည်ချက်က တနေ့နေ့တချိန်ချိန် အခြေအနေပေးတဲ့ အချိန်ရောက်ရင် အဲဒီဒေသတွေ ပြန်ပြီးတော့ စစ်ရေးအရ ပြန်လည်သိမ်းပိုက်နိုင်အောင် ကြိုးစားဖို့အတွက် ကွင်းဖွင့်ထားတဲ့ သဘောဖြစ်တယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။
အဆိုပါ မြို့နယ် ၃ ခုတွင် TNLA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးများ ဆောင်ရွက်နေခြင်းကြောင့် စစ်အုပ်ချုပ်ရေးမှာ ဖိအားပေးရာ မရောက်ကြောင်း ၎င်းက ပြောသည်။
၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်နှင့်မဘိမ်း မြို့နယ်၊ မတ်လ ၄ ရက်နေ့မှာ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူ မြို့နယ်များကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ကြေညာခဲ့သည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့နောက် နစကသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ထိဆိုပါက မြန်မာနိုင်ငံထဲအတွင်း မြို့နယ်ပေါင်း ၆၁ မြို့နယ် မှာ စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။
မြို့နယ်မှ လူထုအချို့တွင် ယင်းဥပဒေကြောင့် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်မှုရှိနေကြောင်း၊ သို့သော် လည်း မြို့အနေအထားမှာ ပုံမှန်ရှိနေကြောင်း ပလောင်နိုင်ငံရေးသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ်ကတော့ နမ္မတူ၊ နမ့်ဆန်၊ မန်တုံကတော့ အေးအေးဆေးဆေးပဲ နေနေကြတာ၊ ပုံမှန် ပါပဲ။ ဘာမှလည်း အလန့်တကြား ဖြစ်တာတွေလည်း မတွေ့ရဘူး။ မြို့အနေအထားကတော့ ပုံမှန်ပဲ၊ အခုလည်း လက်ရှိလည်း တပ် (TNLA) ကလည်း ဒီအတိုင်းပဲ ဘာမှလည်း ပြင်ဆင်ထားတာလည်း မရှိသေးဘူးဗျ။ ဒီမနက်ပဲ ကျနော်လည်း ဒီသတင်း ဖတ်ကြည့်လိုက်တဲ့ အခါကြတော့ ဒီ ၃ ခုတော့ အေးပေါ့ သူတို့က ထင်တာကတော့ ပလောင်က အဓိက-က ဒီ ၃ မြို့နယ်ပဲ နေတယ်လို့ ထင်တာကိုး” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့နှင့် ကွတ်ခိုင်မြို့များကို TNLA က သိမ်းပိုက်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 274
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၄
နယ်စပ်ကုန်သွယ်မှုနှင့် နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု ၂ နိုင်ငံ (တရုတ်-မြန်မာ) အစိုးရများ၏ စီမံခန့်ခွဲမှုအောက်မှာ ပဲ ရှိမှာဖြစ်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ မြောက်ပိုင်းသုံးဖွဲ့(MNDAA-TNLA- AA)တို့နှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် MNDAA သိမ်းပိုက်ထားသော နယ်မြေ အထူးသဖြင့် ကိုးကန့်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှုအား MNDAA က ၇၀ ရာခိုင်နှုန်းနှင့် အစိုးရက ၃၀ ရာခိုင်နှုန်းဖြင့် အကောက်ခွန်ကို ခွဲဝေရယူမည်ဟု သဘောတူခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုသတင်းများသည် အမှားသာဖြစ်ပြီး နယ်စပ်ဒေသကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် လက်နက်ကိုင် အဖွဲ့များ မရှိစေရေးနှင့် လက်နက်ကိုင်များ ရှိနေပါက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင့် ပြန်လည်ဖွင့်နိုင် မည်မဟုတ်ကြောင်းသာ ဆွေးနွေးခဲ့ကြသည်။
MNDAA နဲ့ တရုတ်အစိုးရမှ တာဝန်ရှိသူတို့ကို တွေ့ရစဉ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ နံပါတ် ၁ အချက်အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံပိုင်နက် နယ်နိမိတ် အချုပ်အခြာ အာဏာ Sovereignty သည် ဆက်လက် ခိုင်မြဲနေမှာဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ဒေသခံပြည်သူလူ ထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက် ဆောင်ရွက်နေပါတယ်။ နံပါတ် ၃ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုး ရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ ၂ နိုင်ငံ အစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါ တယ်”ဟု ပြောသည်။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို အကောင် အထည်ဖော်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက လောက်ကိုင်၊ ကုန်ကြမ်း၊ ကြူကုတ်၊ ကွမ်လုံ၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ နမ္မတူ၊ ဟိုပန်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့ တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကို တွေ့ရစဉ်
ထို့နောက် ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ က စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည် နယ် အတွင်းက မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏကျွန်း တို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။
ထိုတိုက်ခိုက်များနှင့် နယ်မြေ ထိန်းချုပ်မှုများကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးများ မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေကာ နေ့စဉ် ဒေါ်လာ သန်းချီ နှစ်နိုင်ငံဆုံးရှုံးနစ်နာလျက်ရှိနေသည်။
အဆိုပါ နယ်မြေ နစကဘက်က ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ (၄)ကြိမ်မြောက် ဆွေးနွေးပွဲမှာ အသိအမှတ်ပြု ပေးလိုက်ရသည်ဟု ရေးသားနေကြသည်။
သို့သော် နယ်မြေ အသိအမှတ်ပြုခြင်း အချက်များမပါရှိသလို မြောက်ပိုင်းသုံးဖွဲ့ သိမ်းပိုက်ထားသော နယ်မြေ များအတွင်းကနေ တပ်များ ပြန်ဆုတ်ရေးကိုသာ နစကဘက်က ရပ်တည်ထားကြောင်း သိရသည်။
AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း နယ်မြေ ထိန်းချုပ်ခွင့် အသိအမှတ်ပြုသည်ဆိုသော သတင်းများမှာ အမှားသာဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် ဆွေးနွေးနေကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 271
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၄
မိမိတို့အနေဖြင့် ခွဲထွက်မည် မဟုတ်ဘဲ ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သည့် အဆင့်ကိုတော့ ရအောင် တည်ဆောက်မည်ဟု ရက္ခိုင့်တပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
AA သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲလုပ်ကာ အထက်ပါအတိုင်း ပြောကြားသွားခဲ့သည်။
ဦးခိုင်သုခက “ ကျနော်တို့က ခွဲထက်မှာ မဟုတ်ဘူး။ ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း)ထက် မနိမ့်တဲ့ အဆင့် ကိုတော့ ရကိုရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ရည် မှန်းချက်ကို ဘယ်သူ့ဆီကမှ တောင်းဆိုမှာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တိုင်သာ အာမခံချက်ရှိရေးကို လုပ် ဆောင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
AA သည် ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နေပြီး ကွန်ဖက်ဒရေးရှင်းအဆင့်အတန်းကို အနိမ့်ဆုံး ရည်မှန်းကာ လွတ်လပ်ရေးအထိ မျှော်မှန်း၍ လက်နက်ကိုင် တိုက်ခိုက်နေသော ရခိုင်လက်နက်ကိုင်ဖြစ်သည်။
AA ပြောနေသည့် ကွန်ဖက်ဒရေးရှင်းအဆင့်ဆိုသည်မှာ လက်ရှိ ရှမ်းပြည်နယ်အတွင်းက “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) ရရှိနေသော အုပ်ချုပ်ရေးအာဏာ အဆင့်အတန်းကို ဖြစ်သည်။
ခိုင်သုခကို တွေ့ရစဉ်
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် တို့အပါအဝင် ကျောက် တော်၊ ပုဏ္ဏန်းကျွန်း တို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။
အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့ကိုတော့ တိုက်ခိုက် သိမ်းပိုက်ထားသည်။ ထို့နောက် ရမ်းဗြဲ၊ အမ်း၊ စစ်တွေ အနီးမှာလည်း တိုက်ပွဲများဖြစ်ပွားနေသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်၍ ရရှိထားသော နယ်မြေများကို AA က အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို ဖော် ဆောင်နေပြီး နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)မှ ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နှင့် ၂ ရက်နေ့များက တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်ဖက် အပစ်အခတ် ရပ်စဲရေးနှင့် ရောက်ရှိနေသည့် နေရာများမှာ တပ်များ ရပ်ထားရေးကို အဓိက ဆွေးနွေးခဲ့ပြီး နယ်မြေပိုင်ဆိုင်မှု အခြေအနေကိုတော့ ဆွေးနွေးလက်ခံမှုမရှိကြောင်း သိရသည်။