CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄

မန်စီးတီးအသင်းဟာ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့အတွက် ယုံကြည်မှု ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ အယ်လ်ဗားရက်ဇ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားထားတာမှာ ၇ ဂိုး သွင်းယူထားပါတယ်။

အယ်လ်ဗားရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲသလို ပြီးခဲ့တဲ့ရာသီ က မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အရေးပါတဲ့သူအဖြစ် ရှိခဲ့ပါတယ်။ 

Football Insider က မန်စီးတီးအသင်းဟာ ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အယ်လ်ဗားရက်ဇ်ကို ဆက်ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြခဲ့ပါတယ်။

ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ လာမယ့်ရာသီမှာ အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးစား လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

သတင်းတွေမှာတော့ စပိန်ထိပ်သီး ၂ သင်းဟာ အယ်လ်ဗားရက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြတယ်လို့ ဖော်ပြထားပေမယ့် မန်ချက်စတာ ကလပ်ကတော့ အာဂျင်တီးနား ကစားသမားကို ရောင်းချဖို့ အလျင်စလို ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။

အယ်လ်ဗားရက်ဇ်ကို တွေ့ရစဉ်

အယ်လ်ဗားရက်ဇ်ဟာ မတ်လကမှ မန်စီးတီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ ၂၀၂၈ ခုနှစ်အထိ မန်ချက်စတာမှာ ဆက်ပြီးရှိနေမှာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ အယ်လ်ဗားရက်ဇ်ကို ခေါ်ယူမယ့် အသင်းတွေထံ ပြောင်းရွှေ့ကြေး အများအပြား တောင်းဆိုပြီး အပြောင်းအရွှေ့ ပျက်ပြယ်အောင် လုပ်ဆောင်နိုင်ဖွယ် ရှိနေပါတယ်။

ဒီဘရိုင်း ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချိန်မှာ အယ်လ်ဗားရက်ဇ်ဟာ မန်စီးတီးအသင်းမှာ အရေးပါတဲ့သူအဖြစ် ရှိလာခဲ့ပါတယ်။

ဒီဘရိုင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူထားရပြီး နှစ်သစ်ကူးမှ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင် ကစားပေး နိုင်ဖွယ်ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ပြီးရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက် အသင်းနဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Sportsmole