CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂

ပရီးမီးယားလိဂ် ချန်ပီယံဆုရယူဖို့ မျှော်လင့်ချက်ကို ဆက်ပြီး ထိန်းသိမ်းချင်တယ်ဆိုရင် ပြိုင်ဘက် မန်စီးတီး အသင်းကို အနိုင်ယူရမယ်လို့ အာဆင်နယ်အသင်း နည်းပြ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “မန်စီးတီးနဲ့ ပွဲကို မစောင့်ဆိုင်းနိုင်တော့ပါဘူး၊ ဒီပွဲက ကျနော်တို့ ကစားချင်တဲ့ပွဲပါ။ အရာရာကို လောင်းကြေးထပ်ရတဲ့ အခါမှာတော့ အနိုင်ရဖို့အတွက် အီးတီဟတ်ကို သွားရမှာပါ။ ဒါက အားကစားရဲ့ အလှ တရားဖြစ်ပြီး ကျနော်တို့ ဒီအဆင့် ရပ်တည်မှုမှာပဲ ဆက်ပြီး ရှိချင်ပါတယ်။ ကျနော်တို့ဟာ မန်ချက်စတာကို မယုံ နိုင်လောက်အောင် ခရီးထွက်မှာဖြစ်ပြီး ကောင်းမွန်စွာ ပြင်ဆင်သွားမှာပါ”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုးစီ သရေ ကျခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းထက် ၂ ပွဲပို ကစားအပြီးမှာ ရမှတ် ၅ မှတ်သာ အသာရရှိတော့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆောက်သမ်တန် အသင်းနဲ့ပွဲမှာ အနောက်ကနေ လိုက်ပြီး ချေပဂိုးတွေ သွင်းယူခဲ့တာ ကြောင့် သရေရလဒ် ရရှိခဲ့တာပါ။

ဒီပွဲမှာ ဆောက်သမ်တန်အတွက် ဂိုးတွေကို အယ်လ်ကာရတ်ဇ်၊ ဝဲလ်ကော့နဲ့ ကာလီတာကားတို့က သွင်းယူခဲ့ပြီး အာဆင်နယ်အတွက် ချေပဂိုးတွေကို မာတင်နယ်လီ၊ အိုဒီဂတ်နဲ့ ဆာကာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဆောက်သမ်တန်ပွဲကိုတွေ့ရစဉ်

လာမယ့် ကြားရက်မှာတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ တွေ့ဆုံရမယ့် ပွဲကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို အဆုံးအဖြတ် ပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျီးဆပ်စ်က သူတို့ဟာ ချန်ပီယံဆုရဖို့အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်က “အခုအချိန်က ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။ အဆုံးထိ အတူတကွ လုပ်ဆောင်ဖို့ အချိန်တန်ပါပြီ။ ပွဲက မပြီးသေးပါဘူး။ ကျနော်တို့ ၅ မှတ် အသာရနေတယ်ဆိုတာ ရှင်းပါတယ်။ မန်စီးတီးရဲ့ လက်ထဲမှာ ပွဲ ၂ ပွဲ ကစားဖို့ ရှိသေးတယ်ဆိုပေမယ့် ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ဒီပွဲကို အနိုင်ရဖို့ သွားရမှာပါ။ ကျနော်တို့ ဒီနေရမှာ ရှိနေတုန်း ပါပဲ။ အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲကစားဖို့ မရှိဘဲ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail