- By CNI
- Category: အားကစား
- Hits: 90
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင်မှာ ရီးရယ်လ် အသင်းက သူတို့ထက် နားချိန်ပိုပြီးရရှိနေတဲ့ ပွဲအချိန်ဇယားကို မကျေနပ်တဲ့အပေါ် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက တုန့်ပြန်ခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်ကတော့ မန်စီးတီးအသင်းနဲ့ပွဲကို ပြင်ဆင်မှုတွေပြုလုပ်ဖို့ အချိန်ပိုပြီး ရရှိတာကြောင့် ပျော်ရွှင်ပါတယ်။ နားချိန်ပိုပြီးရရှိတာက ကျနော်တို့အတွက် အားသာချက် အနည်းငယ်ရှိတယ်ဆိုတာ ဟုတ်ပါ တယ်။ ဒါပေမယ့် ဒါက ပွဲရဲ့ ရလဒ်အပေါ်မှာ လွှမ်းမိုးမှုရှိမှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ပွဲကိုပြင်ဆင်ဖို့ အချိန်ရ တဲ့အတွက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ဟာ လာမယ့်အပတ်ထဲမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒီအပတ်ထဲမှာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် စပိန်လာလီဂါပွဲစဉ်တွေကို အနားပေး ခဲ့တာပါ။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် နားချိန်ပိုပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ကြားရက်နဲ့ ဒီအပတ်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲယှဉ်ပြိုင် ကစားရမှာပါ။
ဒီအချက်ကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် သူတို့ထက် ရီးရယ်လ် အသင်း နားချိန်ပိုပြီး ရရှိခဲ့တဲ့ ပွဲအချိန်ဇယားကို မကျေမနပ် ဖြစ်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ရီးရယ်လ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ အဓိက ကစားသမားအချို့ ဒဏ်ရာ ထပ်ပြီး ရရှိမှာကိုလည်း စိုးရိမ်မှုရှိနေတာပါ။
ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာ နောက်ခံလူ အကီဟာ ပွဲချိန်အစောပိုင်းမှာတင် ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းကတော့ ဂိုးသမား ကော့တွိုက်စ်နဲ့ နောက်ခံလူ အလာဘာကလွဲပြီး အဓိက ကစားသမားတွေ အားလုံး ဒဏ်ရာကင်းစင်နေတာပါ။
မန်စီးတီးနဲ့ ရီးရယ်လ် အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့တုန်းက မန်စီးတီး အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 90
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂
လီဗာပူးလ်အသင်း နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ နည်းပြ အေမိုရင်မ်က စပို့တင်းလစ္စဘွန်း အသင်းအတွက် ဆုဖလားတွေ ရယူပေးနိုင်ဖို့ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
အေမိုရင်မ်က “ကျနော်ဟာ စပို့တင်းအသင်းရဲ့ နည်းပြဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ကစားသမားတွေက သူတို့ ဘယ်လောက် အနိုင်ရယူချင်လဲဆိုတာသိသလို ကျနော်ကလည်း စပို့တင်းအသင်းအတွက် ဆုဖလားတွေ ရယူပေး ချင်ပါတယ်။ လူတိုင်းက ဆုဖလားတွေရယူနိုင်ဖို့ အာရုံစိုက်နေတယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလော့ပ်နေရာမှာ အစားထိုးဖို့ အသက် ၃၉ နှစ် အရွယ်ရှိ အေမိုရင်မ်ကို သူတို့ရဲ့ နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲထည့်သွင်းထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဦးစားပေး ကြိုးစားခဲ့ပေမယ့် ဇာဘီအလွန်ဆိုဟာ ဂျာမနီကလပ်မှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အေမိုရင်မ်နဲ့ ဘရိုက်တန် အသင်းနည်းပြ ဒီဇာဘီတို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
နည်းပြ အေမိုရင်မ်ကို တွေ့ရစဉ်
ဒီအချိန်မှာ စပို့တင်းလစ္စဘွန်းအသင်းဟာ နည်းပြ အေမိုရင်မ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် စီစဉ်ပြီးပြီလို့ သတင်းတွေ ထွက်လာခဲ့တာပါ။
အေမိုရင်မ်ကတော့ ဒါဟာ သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်ခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဟူဂိုဗီယာနာက ဒီသတင်းတွေက မဟုတ်တဲ့အတွက် စိတ်အေးအေးထားဖို့ ပြောခဲ့ကြောင်း မီဒီယာသမားတွေကို ဖြေခဲ့ပါတယ်။
အေမိုရင်မ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေး တာပါ။
အေမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ၂၀၂၀ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းဟာ ပေါ်တူဂီလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ပေါ်တူဂီဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ကို ရောက်ရှိနေပါတယ်။
အေမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ ပေါ်တူဂီလိဂ်ဖလား အပါအဝင် ဆုဖလား ၄ ခု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 76
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ မတ်လအတွက် ဆော်ဒီပရိုလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်တိုင်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင် ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့တာ အပါအဝင် မတ်လအတွင်းကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ၃ ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ မတ်လအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ပြီးကတည်းက တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ် အထိ ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၁၆ ကြိမ်အထိ ရယူထားနိုင်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုနဲ့အသင်းဖော်တွေကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ်ပွဲပေါင်း ၂၃ ပွဲ ကစားထားတာမှာ ၂၆ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိဖို့ ဦးဆောင်နေတာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားထားတာ မှာ ၃၃ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးကာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေတာပါ။
အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၂ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့ ဆော်ဒီဘုရင့်ဖလားနဲ့ ဆော်ဒီစူပါဖလား ပြိုင်ပွဲတွေကိုသာ ပစ်မှတ်ထားရတော့မှာပါ။
အယ်လ်နာဆာအသင်းဟာ ဧပြီ ၂ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဧပြီ ၈ ရက်မှာတော့ ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဟီလယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 92
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁
မန်စီးတီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ တောင်ပံကစားသမား ဆာကာဟာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “ဘာမှစိုးရိမ်စရာတော့မရှိပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ သူဟာ ပြဿနာအနည်းငယ်ကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူခဲ့ရပါတယ်။ သူဟာ အခုပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီး မန်စီးတီးအသင်း နဲ့ပွဲမတိုင်ခင်မှာဆိုရင် တစ်ရက်ပဲလေ့ကျင့်ခဲ့ပါတယ်။ သူ့အတွက်တော့ မိနစ် ၉၀ ပါဝင်ကစားဖို့က များပါတယ်”လို့ ပြောခဲ့တာပါ။
ဆာကာဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့သလို မန်စီးတီးအသင်း နဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ မရေမရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဆာကာဟာ မန်စီးတီးအသင်းနဲ့ပွဲမှာ အာဆင်နယ် အသင်းရဲ့ ပွဲထွက်လူစာရင်းပါဝင်ခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ဆာကာဟာ လူစားလဲခံရတဲ့ အချိန်မှာ ဒဏ်ရာရနေတဲ့ပုံပေါ်ခဲ့ပေမယ့် အာတီတာက သူ့ရဲ့ကစားသမားဟာ ပင်ပန်းနွမ်းနယ်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဆာကာဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် အာဆင်နယ်အသင်းအတွက် ၃၈ ပွဲပါဝင်ကစားထားပြီး ၁၆ ဂိုးသွင်းယူထားတာပါ။
အာတီတာကတော့ သူတို့ဟာ မန်စီးတီးအသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယား လိဂ်အဆင့် ၁ နေရာကနေ ဆင်းပေးခဲ့ရပေမယ့် ကစားဖို့ ပွဲတွေကျန်ရှိနေသေးတာကြောင့် အကောင်းဆုံး ဆက်လုပ်သွားဖို့ပဲလိုတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ အဖြစ် ဧပြီ ၄ ရက်မှာ လူတန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 81
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အနာဂတ်မှာဘောလွန်းဒီအောဆုကို ပိုင်ဆိုင်မယ့် ကစားသမား တွေစာရင်းကို ပြောခဲ့တာမှာ ရီးရယ်လ်အသင်းကြယ်ပွင့် ဘယ်လင်ဂမ်ကို ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ဘောလွန်းဒီအောဆုအတွက် ဟာလန်း၊ ဘတ်ပီ၊ ဗီနီစီးယက်စ် တို့နဲ့အတူ လူငယ်အများအပြား ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အလွန်လှပတဲ့ ပြိုင်ဆိုင်မှုတွေရှိနိုင်ပါတယ်။ ဘာစီလိုနာ အတွက် ထင်ရှားတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး ခြေစွမ်းပြနေတဲ့ ယာမဲလ်လည်း ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ အခြားသူတွေလည်း ပြိုင်ဆိုင်မှုထဲမှာ ပါဝင်နိုင်ပြီး ကျနော်တို့မသိတဲ့ ကစားသမားတွေလည်း ပါဝင်လာနိုင်တယ်” လို့ L'Equipe ကို ပြောခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး တစ်ဦးချင်းဆုဖြစ်တဲ့ ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။
မက်ဆီကတော့ ပြီးခဲ့တဲ့နှစ် ဆုပေးပွဲမှာ သူအသာရခဲ့တဲ့ ဟာလန်း၊ ဘတ်ပီတို့ဟာ လာမယ့်နှစ် အနည်းငယ်အတွင်း ဘောလွန်းဒီအောဆု ပိုင်ဆိုင်မယ့်သူလို့ ယုံကြည်မှုရှိနေတာပါ။
ဟာလန်း ၊ ဘတ်ပီ၊ ဘယ်လင်ဂမ်တို့ကို တွေ့ရစဉ်
ဒါပေမယ့် မက်ဆီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဘယ်လင်ဂမ်ကိုတော့ အနာဂတ် ဘောလွန်းဒီအောဆုရမယ့် စာရင်းထဲ ဖော်ပြခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားထားတာမှာ ဂိုး ၂၀ သွင်းပြီး ၁၀ ဂိုးဖန်တီးထားတာပါ။
အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ၂၀၂၃ ခုနှစ်ထဲမှာ Golden Boy နဲ့ Kopa Trophy ဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းကို လာလီဂါ ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ကို ရောက်ရှိအောင် ပို့ဆောင်ပေးထားတာပါ။
ဘယ်လင်ဂမ်အနေနဲ့ ဒီရာသီမှာ ပြသနေတဲ့ ခြေစွမ်းတွေကို ဆက်ထိန်းပြီး လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန် အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ရင် ၂၀၂၄ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့် သူအဖြစ် ဘွတ်ကီတွေက ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 70
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁
ရီးရယ်လ်အသင်းဟာ ဘီလ်ဘာအိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် စပိန်လာလီဂါ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်ထားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး ရိုဒရီဂိုက သွင်းယူခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ လာလီဂါပွဲစဉ် ၃၀ ကစားအပြီးမှာ ၇၅ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၈ မှတ်၊ အဆင့် ၃ နေရာက ဂျီရိုနာအသင်းကို ၁၀ မှတ် ဖြတ်ပြီး ဦးဆောင်ထားတာ ဖြစ်ပါတယ်။
ရိုဒရီဂိုကတော့ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ရီးရယ်လ်အသင်း နိုင်ပွဲရခဲ့တာကြောင့် ပျော်ရွှင်တယ်လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ရိုဒရီဂိုက “ဒါက အထူးနေ့တစ်နေ့ပါပဲ။ ပထမသွင်းယူခဲ့တဲ့ဂိုးလိုပဲ အတွင်းထဲဝင်ပြီး ကန်သွင်းရတာကို ကျနော် နှစ်သက်ပါတယ်။ ဒီလိုဂိုးတွေကို ကျနော်အများကြီး သွင်းယူချင်ပါတယ်။ အခုက လာလီဂါရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီဖြစ်လို့ ကျနော်တို့ အမှတ်တွေယူရမှာဖြစ်ပြီး ဆုဖလားရဖို့လည်း နီးစပ်လာပြီ”လို့ ပြောခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူကာ ၈ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာပါ။
ဒဏ်ရာကြောင့် သြဂုတ် ၁၂ ရက် ကတည်းက အနားယူခဲ့ရတဲ့ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၉၂ မိနစ်မှာ လူစားလဲဝင်ရောက်လာပြီး ရက်ပေါင်း ၂၃၂ ရက်အကြာမှ ရီးရယ်လ်အသင်းအတွက် ပထဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လာမယ့် ရက်သတ္တပတ်ထဲမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားဖို့မရှိဘဲ လာမယ့်ပွဲစဉ်အဖြစ် ဧပြီ ၁၀ ရက်မှာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ရမှာပါ။
ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဘီလ်ဘာအိုအသင်းဟာ ဒီအပတ်ထဲမှာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ် အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 78
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ပရီးမီးယားလိဂ်ဖလားကိုရဖို့ လီဗာပူးလ်က ရေပန်းအစားဆုံးပါ။ ဒုတိယက အာဆင်နယ်ဖြစ်ပြီး တတိယက ကျနော်တို့ပါ။ အဲဒါကြောင့် ဒါက ကျနော်တို့ရဲ့ လက်ထဲမှာ ရှိမနေပါဘူး။ အခုအချိန်မှာ ကျနော်တို့ လုပ်နိုင်တာက ဗီလာအသင်းနဲ့ ကစားရမယ့်ပွဲကို တွေးဖို့ပါ။ လိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေမယ်ဆိုရင် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးပါပဲ”လို့ ပြောပါတယ်။
မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ လီဗာပူးလ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းလိဂ်ပွဲစဉ်မှာ ဂိုးမသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းမစားတော့တာပါ။ ပြီးခဲ့တဲ့ပွဲ ရလဒ်တွေကြောင့် လီဗာပူးလ်အသင်းဟာ ချန်ပီယံဖြစ် ဖို့ အခွင့်အရေး ၁၂ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး မန်စီးတီးအသင်းက ၁၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။
Opta က လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ၄၈ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာ ဦးဆောင် နေပြီး မန်စီးတီးအသင်းက ၃၄ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အာဆင်နယ်အသင်းက ၁၈ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတယ်လို့ ဖော်ပြထားတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ၂ ပွဲစလုံး ပေးဂိုးမပေးရ အောင် ကစားသွားနိုင်ခဲ့တာကြောင့် နည်းပြ အာတီတာက အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပါတယ်။
လာမယ့်ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းက အက်စတွန်ဗီလာ၊ အာဆင်နယ်အသင်း က လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN/BBC
- By CNI
- Category: အားကစား
- Hits: 85
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃၁
မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီက အသင်းအနေနဲ့ ပရီးမီးယားလိဂ် သမိုင်းကြောင်းကို ဖန်တီးတာ အဆုံး မသတ်စေဖို့အတွက် တစ်ပွဲတောင် အမှားခံလို့မရဘူးလို့ သတိပေးခဲ့ပါတယ်။
ရိုဒရီက “အာဆင်နယ်နဲ့ပွဲက ဗိုလ်လုပွဲလိုဖြစ်ပြီး ရာသီကုန်တဲ့အထိ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားသွားရမှာပါ။ ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းမှာ ရှိနေပေမယ့် တစ်ပွဲသာရှုံးမယ်ဆိုရင် ချန်ပီယံပြေးလမ်းကြောင်းကနေ ဖယ်ပေးရ သလို ဖြစ်သွားပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာဆိုရင် ချန်ပီယံဆုရယူနိုင်ဖို့အတွက် ရမှတ် ၉၀ နဲ့ ၁၀၀ အကြား ရောက်ရှိဖို့က လိဂ်ရဲ့တောင်းဆိုတဲ့ အရာပါ။ ဒါကြောင့် အာဆင်နယ်အသင်းနဲ့ပွဲက စပြီး ပွဲတိုင်းကို လက်တွေ့ ကျကျ အနိုင်ယူရပါမယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် အင်္ဂလန် အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကို အနိုင်ယူနိုင်ခဲ့ရင် ဒီမျှော်လင့်ချက်ကို ဆက်ပြီးထိန်းသိမ်းနိုင်မှာပါ။
ဒါပေမယ့် တစ်ပွဲသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သူတို့ရဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်သွားလိမ့်မယ်လို့ ရိုဒရီက မန်စီးတီး အသင်းကို သတိပေးစကား ပြောခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီနောက်ပိုင်း အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲအထိ နိုင်ပွဲရရှိခဲပြီး ၁ ပွဲသရေကျကာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းဟာ အာဆင်နယ် အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီရာသီ အာဆင်နယ်အသင်း အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ အီးတီဟတ်ကွင်းမှာ မန်စီးတီးအသင်းကို အနိုင်ရလဒ်ရယူပြီး သူတို့ရဲ့ စံချိန်မှတ်တမ်းဆိုးကို ရပ်တန့်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 89
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃၁
အင်တာမိုင်ယာမီအသင်း လက်ထောက်နည်းပြ မိုရာလက်စ်က အသင်းခေါင်းဆောင် မက်ဆီဟာ တံကောက်ကြော ဒဏ်ရာကြောင့် နယူးယော့ခ်စီးတီးအသင်းနဲ့ပွဲကို မပါဝင်နိုင်ခဲ့ပေမယ့် မွန်တာရေးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ကလပ်အသင်းက မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
မိုရာလက်စ်က "မက်ဆီဟာ ကုထုံးပညာရှင်နဲ့ အလုပ်လုပ်နေပါတယ်။ နယူးယော့ခ်စီးတီးနဲ့ပွဲမှာ သူမပါဝင်နိုင်ခဲ့ ပေမယ့် ကျနော်တို့က သူ့ကို လာမယ့် မွန်တာရေးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ"လို့ ပြောခဲ့တာပါ။
မက်ဆီဟာ ဒဏ်ရာကြောင့် မတ်လ ၁၃ ရက်ကတည်းက အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းခဲ့ခြင်းမရှိပါဘူး။
မက်ဆီဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ကြားရက်ထဲမှာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းနဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
အဲဒါကြောင့် ပွဲကြီးပွဲကောင်းဖြစ်တဲ့ ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို အသင်းအတွက် ပြန်လည် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ နယူးယော့ခ်စီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ဒီရာသီ မေဂျာလိဂ်ပွဲစဉ် ၆ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးရလဒ်ထွက်ပေါ်ထားတာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူကာ ၂ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 86
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃၀
ယူနိုက်တက်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ထင်ကြေးတွေကို ဂရုမစိုက်ဘူးလို့ အဲရစ်တန်ဟတ်က ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်ဟာ ကောလာဟလတွေကို အာရုံစိုက်သွားမှာ မဟုတ်ဘဲ အကောင်းဆုံးအဆင့်မှာ ကစားပြီး ကစားသမားတွေ တိုးတက်လာဖို့ကိုပဲ အာရုံစိုက်သွားမှာပါ။ ဒါက ယူနိုက်တက်အသင်း ဖြစ်တာကြောင့် ဒီအသင်းနဲ့ သက်ဆိုင်တဲ့သူတွရဲ့ ပတ်ဝန်းကျင်မှာ အမြဲတမ်း ဆူညံနေပါလိမ့်မယ်။ ဒါတွေကို ကျနော်လည်း ဂရုစိုက်မှာ မဟုတ်သလို ကစားသမားတွေလည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ လှေတစ်ခုတည်းမှာ အတူရှိနေပြီး အသင်းအတွက် ရလဒ်ကောင်းတွေရရှိအောင် လုပ်ရမယ်ဆိုတာကို သိတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အစုအဖွဲ့ဟာ နွေရာသီမှာ နည်းပြအဖွဲ့ကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဆောက်ဂိတ်ကတော့ နည်းပြရှိသား အသင်းနဲ့ချိတ်ဆက်မှုတွေ ခံရတာဟာ လေးစားမှုမရှိဘူးလို့ တုန့်ပြန်ထားတာပါ။
ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်နဲ့လည်း သတင်းထွက်ခဲ့ပေမယ့် သူကတော့ ဒီသတင်းတွေကို ငြင်းဆန် ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ကာရာဘောင်းဖလား ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာပါ။
ဒါပေမယ့် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားအပြီးမှာ ၁၁ ပွဲအထိ ရှုံးနိမ့်ထားကာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာတော့ လီဗာပူးလ် အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိနေပြီး ဒီရာသီအကုန်မှာ ထုတ်ပယ်ခံရင် မန်ချက်စတာကလပ်ဟာ လျော်ကြေးပေးရမှာလည်း ဖြစ်ပါတယ်။
Source: BBC