- By CNI
- Category: အားကစား
- Hits: 1261
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အခုနှစ်ကမ္ဘာ့ဖလားချန်ပီယံဆုကို မက်ဆီကိုင်မြှောက်နိုင်မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အီဘရာဟီမိုဗစ်က “ဘယ်သူအနိုင်ရမလဲဆိုတာ ရေးထားပြီးသားလို့ ကျနော်ထင်ပါတယ်။ ကျနော် ဘယ်သူ့ကို ဆိုလိုလဲဆိုတာ ခင်ဗျားတို့ သိမှာပါ။မက်ဆီက ဒီဆုဖလားကို ကိုင်မြှောက်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ဒါကို ရေးထားပြီးသားပါ” လို့ ဒူဘိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အာဂျင်တီးနားနဲ့ ခရိုအေးရှားအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဆီဟာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။အခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဘရာဇီးလ်၊ ပေါ်တူဂီ၊ စပိန်နဲ့ ဂျာမနီတို့ဟာ ထွက်ခွာခဲ့ရပြီးဖြစ်လို့ အာဂျင်တီးနားအသင်းဟာ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းစားနေ တာပါ။

မက်ဆီကလည်း သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားကိုင်မြှောက်ပြီး အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲဖက်ကစားခဲ့တဲ့ အီဘရာဟီမိုဗစ်ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်မယ်လို့ ယုံကြည်နေခဲ့တာပါ။ အီဘရာဟီမိုဗစ်ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို အာဖရိကအသင်းအနေနဲ့ ပထမဆုံးအကြိမ်တက်နိုင်ခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောခဲ့ပါတယ်။
အီဘရာဟီမိုဗစ်က “ကမ္ဘာ့ဖလားမတိုင်ခင်မှာ သူတို့ကောင်းမွန်ကြောင်း သိထားတဲ့အတွက် အံသြစရာလို့ မထင်ပါဘူး။ကမ္ဘာ့ဖလားမှာ အရာအားလုံးဖြစ်နိုင်ပါတယ်။သူတို့တွေ ဆီမီးဖိုင်နယ်ရောက်တာတော့ အနည်းငယ် အံသြမိပါတယ်။ဒါပေမယ့်လည်း သူတို့ဟာ အသင်းကောင်း၊ နိုင်ငံကောင်းဖြစ်တယ်ဆိုတာကို သတိရပါတယ်။ ဒီလို အံအားသင့်စရာတွေကို လူတွေက ကြိုက်ကြမယ်လို့ထင်ပါတယ်” လို့ ပြောခဲ့တာပါ။
မော်ရိုကိုအသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိ ပေးဂိုး ၁ ဂိုးသာ ပေးထားရပြီး ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ChannlNewsAsia
- By CNI
- Category: အားကစား
- Hits: 1396
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ပီလီ၊ ဘတ်ပီနဲ့ လီဘရွန်ဂျိမ်းစ်တို့ အပါအဝင် အားကစားလောကရဲ့ နာမည်ကြီး ကစားသမား အများအပြားက ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုမှတ်ချက်တွေ ရေးသားပြီး နှစ်သိမ့်ပေးခဲ့ ကြပါတယ်။
နာမည်ကြီး NBA ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်က “ ဂန္တဝင်”ဆိုတဲ့ စာသားနဲ့အတူ ကျေးဇူးတင် ကြောင်းနဲ့ သရဖူပါဝင်တဲ့ အီမိုဂျီကိုပါ ထည့်သွင်းပြီး ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ မှတ်ချက်ပေးခဲ့တာပါ။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူထားတဲ့ ပီလီကလည်း “ငါတို့ကို ပြုံးပျော်အောင် လုပ်ပေးလို့ ကျေးဇူးပါ ငါ့သူငယ်ချင်းရေ”ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကိုတွေ့ရစဉ်
ပြင်သစ်တိုက်စစ်မှူး ဘတ်ပီကတော့ သူ့ရဲ့ အိုင်ဒေါလ်ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ အဓိပ္ပါယ်ရတဲ့ GOAT အီမိုဂျီ၊ လက်အုပ်ချီတဲ့ပုံ၊ သရဖူတို့ကို ထည့်သွင်းပြီ မှတ်ချက် ရေးသားခဲ့တာပါ။
ဘရာဇီးလ်တိုက်စစ်မှူး ပါတိုက “ ခင်ဗျားက စံနမူနာပါပဲ။ ခင်ဗျားက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူတွေနဲ့ ကလေးတွေ ကို လှုံ့ဆော်မှုပေးပါတယ်။ ခင်ဗျားကို ဝေဖန်ချင်တဲ့ သူတွေက ခင်ဗျားလို အောင်မြင်ချင်တဲ့ သူတွေပါ။ ခင်ဗျားက ကြီးမားတဲ့သူပါ ဂုဏ်ပြုပါတယ်”လို့ မှတ်ချက်ပေးခဲ့တာပါ။
ယူနိုက်တက် အသင်းဖော်ဟောင်း လင်ဂတ်ကတော့ “GAOT”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီနောက် အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကလည်း ရော်နယ်ဒိုကို ဂုဏ်ပြုကြောင်း ရေးသား ခဲ့ပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်
ဗီရတ်ခိုလီက “ ဘယ်လိုဆုဖလား ဒါမှမဟုတ် ဘယ်လိုဆုတံဆိပ်တွေကနေ အားကစားကွင်းမှာ ခင်ဗျား လုပ် ဆောင်ခဲ့တဲ့ အရာတွေနဲ့ ကမ္ဘာတဝှမ်းရှိ အားကစား ပရိသတ်တွေအတွက် ဘယ်လိုအရာတွေကမှ ဝေးကွာသွားမှာ မဟုတ်ပါဘူး။ ခင်ဗျား ကစားတာကို ကြည့်တဲ့အချိန်မှာ ကျနော်နဲ့ လူအများအပြား ခံစားရတဲ့ လူတွေအပေါ် အကျိုးသက်ရောက်မှုကို ရှင်းပြနိုင်တဲ့ ခေါင်းစဉ်မျိုး မရှိပါဘူး။ ဒါက ဘုရားပေးတဲ့ လက်ဆောင်ပါ။ ကြိုးစားအား ထုတ်မှုနဲ့ စိတ်အား ထက်သန်မှုတွေကလည်း အားကစားသမားတိုင်းအတွက် စစ်မှန်တဲ့ လှုံ့ဆော်မှု ပါပဲ။ ခင်ဗျားက ကျနော့်အတွက်တော့ အချိန်တိုင်းရဲ့ အကောင်းဆုံးက စားသမားပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူပြီး ကလပ်အသင်းသစ်ကို ရှာဖွေမှုတွေ ပြုလုပ်သွား ဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Stadiumastro/Goal
- By CNI
- Category: အားကစား
- Hits: 1527
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုက ဘရာဇီးလ်အသင်းနည်းပြ ရာထူးအတွက် ဂွာဒီယိုလာကို ခန့်အပ် ချင်ပေမယ့် သူက မန်စီးတီးမှာ ဆက်ပြီးနေဖို့ကို ရွေးချယ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ ဂွာဒီယိုလာကို ကျနော်တို့ စိတ်ဝင်စားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပေမယ့် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုပဲ လိုလားခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံး အဖွဲ့ချုပ် က သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ သူက ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြပါ”လို့ ကတ်တလန် မီဒီယာကို ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ဖြစ်သူ တိုင်ထီကလည်း ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုတွေ့ရစဉ် (Goal)
အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေပြီး ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ဖို့ အရင်ကတည်းက စဉ်းစားခဲ့တာပါ။
ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ မန်စီးတီးအသင်းမှာ ၂၀၂၅ အထိ ရှိမယ့် ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြရာထူး လစ်လပ်နေခဲ့ပေမယ့် ဂွာဒီယိုလာကို ခန့်အပ်ဖို့ မလွယ်ကူတော့ပါဘူး။
တိုင်ထီဟာ ဘရာဇီးလ်အသင်းကို ၂၀၁၆ ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၈၁ ပွဲ ကိုင်တွယ် ထားခဲ့တာမှာ ပွဲ ၆၀ အနိုင်ရပြီး ၁၅ ပွဲသရေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
တိုင်ထီဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲမှာတော့ အာဂျင်တီးနားကို အရေးနိမ့်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1372
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ရော်နယ်ဒိုဟာ မော်ရိုကိုအသင်းကို အရေးနိမ့်ပြီး ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် အိပ်မက်တွေပြီးဆုံးသွားပြီလို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့က ကျနော့်ဘဝရဲ့ အကြီးမားဆုံးနဲ့ ရည်မှန်းချက်အရှိဆုံး အိပ်မက်ပါ။ကံကောင်းစွာနဲ့ပဲ ကျနော်ဟာ ပေါ်တူဂီအပါအဝင် နိုင်ငံတကာအတိုင်းအတာနဲ့ ဆုဖလားအများကြီးကို ရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် ကမ္ဘာ့အကြီးမားဆုံးပြိုင်ပွဲကြီးမှာ ကျနော်တို့ရဲ့ နိုင်ငံနာမည်ကို ကျန်ရှိအောင်လုပ်ဖို့က ကျနော့်ရဲ့ အကြီးမားဆုံးအိပ်မက်ပါပဲ။ဒီလိုအရာတွေ၊ အိပ်မက်တွေအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ဒီတိုက်ပွဲကို ဘယ်တော့မှမျက်နှာမလွှဲခဲ့သလို၊ အရှုံးပေးခဲ့ခြင်းလည်း မရှိပါဘူး။ဝမ်းနည်းစရာက ကျနော့်ရဲ့ အိပ်မက်တွေ ပြီးဆုံးသွားတာပါပဲ” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းရောက်မှသာ လူစားလဲဝင်ခွင့် ရခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ကွင်းထဲကနေ ငိုကြွေးပြီး ထွက်ခွာသွားခဲ့တာပါ။အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို အတွက် တော့ ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် အိပ်မက်တွေပြီးဆုံးသွားပြီလို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက “လူတွေထင်မြင်နေသလို ကျနော်ဟာ ပေါ်တူဂီအတွက် ခံယူချက်နဲ့ ပေးဆပ်မှုက ခဏလေး အချိန်အတွင်းမှာတောင် မပြောင်းလဲသွားပါဘူး။ကျနော်ဟာ အားလုံးရဲ့ရည်မှန်းချက်တွေအတွက် အမြဲတမ်းတို က်ပွဲဝင်နေတဲ့သူပါ။
လက်ရွေးစင်အသင်းဖော်တွေနဲ့ နိုင်ငံအသင်းကို ဘယ်တော့မှ ထားပြီးသွားမယ့်သူ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ပြောစရာအများကြီးမရှိတော့ပါဘူး။ကျေးဇူးတင်ပါတယ် ပေါ်တူဂီ၊ ကျေးဇူးတင်ပါတယ် ကာတာ” လို့ ရေးသားခဲ့တာပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖလား၊ နေရှင်းလိဂ်တို့ကို ရယူထားပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝက ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားတာကြောင့် အသင်းသစ်ရှာဖွေရမှာဖြစ်ပြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ၁ နှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ၂ နှစ်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းထားတာပါ။
ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတယ်လို့ သတင်းတွေထွက်နေပေမယ့် ကစားသမားကတော့ ဒီသတင်းတွေဟာ မမှန်ကန်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 986
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ထိုင်းအသင်းကို ခြေစမ်းပွဲမှာ ဂိုးပြတ်အရေးနိမ့်ပြီးနောက် မြန်မာအသင်းကို ၁၀ ရက်အတွင်း အကောင်းဆုံး ဖြစ်အောင်ပြင်ဆင်မယ်လို့ အန်တွမ်နီဟေးက ပြောလိုက်ပါတယ်။
အန်တွမ်နီဟေးက “ထိုင်းနဲ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်မှုက အားရစရာမဖြစ်ခဲ့ပါဘူး။ကျနော်တို့ အဆင့် သတ်မှတ်ချက်တွေမြင့်တက်လာဖို့ဆိုတာထက် အာဆီယံချန်ပီယံရှစ်အတွက် အဓိကပြင်ဆင်နေတာပါ။ မလေးရှားနဲ့ပွဲအတွက် ကျနော်တို့ ပြင်ဆင်ရမှာက အများကြီးရှိပါတယ်။ကျန်ရှိနေတဲ့ ၁၀ ရက်အတွင်းမှာတော့ ဒီပွဲကလို ကစားပုံမျိုးမဖြစ်အောင် ပြင်ဆင်ရမှာပါ။ဒီပွဲအပြီးမှာ အပြီးသတ်ကစားသမားတွေ ရွေးဖို့ ရှိနေပြီး အသင်း ကို ပိုပြီးကောင်းအောင် ၁၀ ရက်အတွင်း စနစ်တကျပြင်ဆင်သွားရမယ်”လို့ ပြောခဲ့တာပါ။

မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၁ ရက်က ထိုင်းအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာမှာ ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။မြန်မာအသင်းအတွက် ဒီပွဲမှာ ပြည်ပလိဂ်မှာကစားနေတဲ့ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ ဟိန်းဖြိုးဝင်းတို့ ပါဝင်ကစားသွားခဲ့ပေမယ့် ထိုင်းအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ ထိုင်း အသင်းအတွက် ဂိုးတွေကို တီရာဆဲလ်ဒန်ဒါက ၂ ဂိုး၊ ဘော်ဒန်ဖလာနဲ့ ဆာရက်ယိုရန်တို့က ၁ ဂိုးစီ သွင်းယူခဲ့ကြ ပြီး မြန်မာကစားသမားတွေဖြစ်တဲ့ နန္ဒကျော်နဲ့ ငြိမ်းချမ်းတို့က ကိုယ့်ဂိုးကိုယ် ၁ ဂိုးစီ သွင်းယူခဲ့ကြတာ ဖြစ်ပါ တယ်။
မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲမကစားခင် ထိုင်းကလပ်တွေဖြစ်တဲ့ ချောင်ဘူရီ၊ ဆာမတ်ပရာခန်တို့နဲ့ ခြေစမ်းပွဲတွေကစားခဲ့ပြီး ၂ ပွဲစလုံး အနိုင်ရရှိခဲ့တာပါ။မြန်မာအသင်းဟာ လာမယ့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု B မှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၂၁ ရက်မှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI News
- Category: အားကစား
- Hits: 1389
- By CNI News
- Category: အားကစား
- Hits: 1571
- By CNI
- Category: အားကစား
- Hits: 1491
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ခရိုအေးရှား အသင်းနည်းပြ ဒါလစ်က ကာတာကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို ရောက်တာက သူတို့အတွက် အဆုံးသတ်မဟုတ်ပဲ ဗိုလ်လုပွဲအထိ တက်နိုင်အောင်လုပ်ဖို့ အသင်းသားတွေကို တိုက်တွန်း လိုက်ပါတယ်။
ဒါလစ်က “ဒါက ကျနော်တို့ အားလုံးအတွက် အောင်ပွဲဖြစ်ပြီး၊ လူတိုင်းက အကောင်းဆုံး ပေးခဲ့ပါတယ်။ အရန် ခုံမှာရှိတဲ့ သူတွေကလည်း အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အသင်းကို ထွက်ခွာအောင် လုပ်နိုင်ခဲ့လို့ အလွန်ဂုဏ်ယူပါတယ်။ ဒါက ကျနော်တို့အတွက် အဆုံးသတ် မဟုတ်ပါဘူး။ ဆက် သွားရမှာပါ”လို့ ပြောခဲ့တာပါ။
ခရိုအေးရှားအသင်းဟာ ၁၆ သင်းအဆင့်မှာ ဂျပန်နဲ့ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်အသင်းတို့ကို ပင်နယ်တီ အဆုံး အဖြတ်မှာ အနိုင်ယူပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားအသင်း အောင်ပွဲခံနေကြစဉ် (SI)
ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာကြောင့် အခုတစ်ကြိမ် မှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ဖို့ နည်းပြ ဒါလစ်က မျှော်လင့်နေတာပါ။ ခရိုအေးရှားအသင်းဟာ ဒါလစ်ရဲ့ လက်အောက်မှာ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါလစ်က “ ဂိုးပေးလိုက်ရပြီးချိန်မှာ အရှုံးမပေးဘူး ဆိုတာကို ကျနော်တို့ ပြသခဲ့ပါတယ်။ ကျနော်တို့ဟာ နိုင်ငံငယ် လေး ဖြစ်ပေမယ့် ရေပန်းအစားဆုံး အသင်းကို အနိုင်ရခဲ့တာပါ။ ကျနော့် ကစားသမားတွေဟာ သူရဲကောင်းတွေပါ။ ဒါကို ခရိုအေးရှားတွေပဲ လုပ်နိုင်တာ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အာဂျင်တီးနားအသင်းနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1086
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုကို အသင်းမှာပဲ ဆက်ပြီးနေစေချင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ မပြောခဲ့ဖူးဘူးလို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော် သူ့ကို ပထမဆုံးအချိန်ထဲကနေ အခုအချိန်ပြီး ဆက်ပြီးနေစေချင်ခဲ့တာပါ။ သူ ထွက်သွားချင်တယ်ဆိုတာတော့ ရှင်းပါတယ်။ကစားသမားတယောက်က အသင်းမှာ မရှိချင်တော့တဲ့အချိန် မှာတော့ သေချာပေါက်သွားရမှာ။အင်တာဗျူးမှာတော့ သူထွက်သွားချင်တယ်လို့ ပြောခဲ့ပါတယ်။ကလပ်က ဒါကို လက်မခံနိုင်ဘူးလို့ထင်ပါတယ်။အကျိုးဆက်တွေရှိမှာဖြစ်ပြီး သူထွက်ချင်တယ်လို့ အရင်က တခါမှ မပြောဖူးပါ ဘူး”လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ စပိန်မှာ ခြေစမ်းပွဲကစားဖို့ ရောက်နေချိန်အတွင်း ဗြိတိန်မီဒီယာတခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပြောသွားခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အသင်းကို ဝေဖန်ခဲ့သလို နည်းပြ အဲရစ်တန်ဟတ်ကိုလည်း မလေးစားနိုင်ဘူးလို့ပြောခဲ့တာပါ။

ဒီ အင်တာဗျူးအပြည့်အစုံထွက်ပေါ်လာပြီးအချိန်မှာ ယူနိုက်တက်အသင်းနဲ့ ရော်နယ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “သူဟာ နွေရာသီတုန်းက ဒီမှာ နေချင်တယ်ဆိုပြီး ကျနော့်ကို ပြောခဲ့ပါသေးတယ်။ အင်တာဗျူး မဖြေခင်အချိန်အထိတော့ ဘာအသံမှကို မကြားရပါဘူး။သူဟာ အလွန် ကောင်းမွန်တဲ့ကစားသမားဖြစ်လို့ ကျနော်တို့ ပရောဂျက်ရဲ့ တစိတ်တပိုင်းဖြစ်စေချင်ခဲ့ပါတယ်။သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းတွေ ရှိပေမယ့် အဲဒါက အတိတ်မှာကျန်ခဲ့ပြီး ကျနော်တို့ အနာဂတ်ကို ကြည့်ရမှာပါ” လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ အခုနှစ် ရာသီအတွင်းမှာ ယူနိုက်တက်အတွက် ၁၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲထွက်ကစားခွင့်ရဖို့ ခက်ခဲနေတဲ့အခြေအနေကို စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ တနှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ဇန်နဝါရီ ၁ ရက်မှာ ပြောင်းရွှေ့ကစားမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
ပေါ်တူဂီအသင်းခေါင်းဆောင်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ အနာဂတ် ကို ဆုံးဖြတ်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1822
CNI International News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
နယ်သာလန်အသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္တဝင်ကြီး မာရာဒိုနာက သူတို့ကို စောင့်ကြည့်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
မက်ဆီက “ဒီယေဂိုက ကျနော်တို့ကို ကောင်းကင်ဘုံကနေ စောင့်ကြည့်နေပါတယ်။ သူက ကျနော်တို့ကို တွန်းအားပေးနေပြီး ဒါကို အဆုံးထိ ဆက်ရှိနေဖို့ မျှော်လင့်တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားအသင်းက နယ်သာလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ကွာတား ဖိုင်နယ်ပွဲမှာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးကာနီးတွေမှာ ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် အချိန်ပို၊ ပင်နယ်တီအထိ ဆက်သွားခဲ့ရတာပါ။ ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားက ၄ ဂိုးဝင်ပြီး နယ်သာလန်အသင်းက ၃ ဂိုးသာ ဝင်ခဲ့လို့ အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းသားများ အောင်ပွဲခံနေကြစဉ် (Sky Sport)
မက်ဆီက “ လောတရို ဂိုးသွင်းပြီးချိန်မှာ ကျနော်တို့ နောက်တဆင့် တက်နိုင်ခဲ့လို့ အလွန်ပျော်ရွှင်ခဲ့ ရပါတယ်။ ဒီပွဲ ဟာ အလွန်ခက်ခဲခဲ့ပါတယ်။ ပွဲအစကတည်းက ခက်ခဲခဲ့တာဖြစ်ပြီး ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ ကျနော်တို့ သိပြီး သားပါ။ သရေရလဒ် ထွက်ပေါ်ခဲ့လို့ စိတ်ပျက်ခဲ့ပေမယ့် ကျနော်တို့ လိုချင်တဲ့ ဆီမီးဖိုင်နယ်ကိုတော့ အရောက် လှမ်းနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတသင်းဖြစ်ပြီး မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမှာ ကစားသမားတွေကလည်း ဆုဖလားရယူပေးဖို့ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။
မက်ဆီကလည်း လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ခြေစွမ်းပြသနေပြီး ၄ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာပါ။
အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားအသင်းနဲ့ ကစားရမှာဖြစ်ပြီး နောက်ခံလူတွေဖြစ်တဲ့ အကူနာနဲ့ မွန်တီရယ်လ်တို့ဟာ အဝါကတ် ၂ ကြိမ် ပြသခံထားရတာကြောင့် ဒီပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
